အရေးပေါ်အခြေအနေကြေညာချက် စဉ်းစားနိုင်ခြေရှိတယ်လို့ ဂျပန် ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေး ဝန်ကြီးဆို

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ တုံ့ပြန်ကိုင်တွယ်ရေး တာဝန်ခံဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ် ပိုမိုပျံ့နှံ့လာမယ်ဆိုရင် အစိုးရအနေနဲ့ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ဖို့ စဉ်းစားနိုင်ခြေရှိတယ်လို့ ပြောလိုက်ပါတယ်။

စီးပွားရေး ပြန်လည်အားကောင်းလာစေရေး ဝန်ကြီး Nishimura Yasutoshi က တွစ်တာမှာ ဗုဒ္ဓဟူးနေ့က အဲဒီလို မှတ်ချက်ကို ရေးသားခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်စောင့်ရှောက်ဖို့ အဲဒီလို လုပ်ဆောင်မှုကို စဉ်းစားနိုင်တယ်လို့ သူက ဆိုပါတယ်။ ကူးစက်မှုတွေ ရပ်တန့်စေဖို့ အစွမ်းကုန် လုပ်ဆောင်ရမယ်လို့ သူက ပြောပါတယ်။
ပြည်သူတွေကို နှစ်သစ်ကူး အားလပ်ရက်တွေမှာ မိမိတို့ရဲ့ မိသားစုနဲ့ပဲ နေထိုင်ကြဖို့ တောင်းဆိုချက်ကို မစ္စတာ Nishimura က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ ဧရိယာတွေကနေ ဇာတိရပ်ရွာ ပြန်ကြသူတွေအနေနဲ့ သူတို့ရဲ့ အသက်အရွယ်ကြီးရင့်သူ မိဘတွေနဲ့ တွေ့ဆုံရာမှာ သတိထားကြဖို့ သူက တောင်းဆိုခဲ့ပါတယ်။ အထူးသဖြင့် မိဘတွေရဲ့ အိမ်ထဲအထိ မဝင်ဘဲ အိမ်အဝင်ဝကနေပဲ နှုတ်ခွန်းဆက်ကြဖို့ သူက အကြံပြုပါတယ်။
ဒါ့အပြင် ပုံမှန်တွေ့နေကျမဟုတ်သူတွေနဲ့ တွေ့ဆုံတာကို ရှောင်ရှားဖို့နဲ့ နှစ်သစ်ကူးပိတ်ရက်တွေအတွင်း နတ်ကွန်းတွေကို သွားရောက် ဝတ်ပြုဆုတောင်းတာကို အချိန်ပြောင်းလုပ်ဆောင်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
ဂျပန်နိုင်ငံလုံးဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးနဲ့ ဆေးပညာ စင်တာက Dr. Kutsuna Satoshi ကလည်း တိုကျိုမှာ ဆေးကုသရေး ဝန်ဆောင်မှုစနစ်မှာ အခက်အခဲတွေ တွေ့ရနေပြီဖြစ်တယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် အကြီးအကျယ် ကူးစက်ပြန့်ပွားလာရင် ပုံမှန်အချိန်မှာ ကယ်တင်နိုင်တဲ့ အသက်တွေကိုတောင် ကယ်တင်နိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်လာမယ်လို့လည်း သူက ပြောပါတယ်။