လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကို ကာကွယ်နည်းဂျပန်ကျောင်းတွေမှာ သင်ကြားဖို့ရှိ

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေကို ဘယ်လို ကာကွယ်တားဆီးရမယ် ဆိုတာကို သင်ကြားပေးပို့ချမှုတွေ စတင်ဖို့ ဂျပန်ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု၊ အနိုင်ကျင့်မှုတွေနဲ့ ပတ်သက်ပြီး သင်ကြားပို့ချမှု သိပ်မရှိသေးဘူးလို့ အဲဒီ ဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။
မူလတန်းက အတန်းငယ်ကလေးတွေဟာ တစ်ခါတစ်ရံမှာ သူတို့ဟာ လိင်ပိုင်းဆိုင်ရာ သားကောင် ဖြစ်နေတယ်ဆိုတာကိုတောင် သတိမပြုမိကြဘူးလို့ သူတို့က မှတ်ချက်ပြုခဲ့ပါတယ်။ သူတို့ကို သင်ကြားပို့ချမှုတွေမှာ ရေကူးဝတ်စုံနဲ့ဖုံးအုပ်ထားတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို တခြားသူတွေ မြင်အောင် မပြရဘူးဆိုတာ သင်ပေးမှာ ဖြစ်ပါတယ်။
မူလတန်း အတန်းကြီးတွေမှာတော့ လူမှုကွန်ယက်မီဒီယာနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။
အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားကျောင်းသူတွေအတွက် ပို့ချမှုမှာတော့ ချိန်းတွေ့ချိန် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးပို့ချမှာ ဖြစ်ပြီး သားကောင် ဒါမှမဟုတ် ကျူးလွန်သူ မဖြစ်အောင် ဘယ်လို ရှောင်ရှားရမယ်ဆိုတာကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနက လာမယ့်ဧပြီလမှာ စတင်မယ့် စာသင်နှစ်က စပြီး မြို့ရွာတချို့မှာ စမ်းသပ်ပို့ချမှုတွေ စတင်ဖို့ စီစဉ်ထားပါတယ်။
သင်ထောက်ကူပစ္စည်းတွေနဲ့ လမ်းညွှန်မှုတွေကို ကြိုတင်ပြင်ဆင်ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်မှာ နိုင်ငံတစ်ဝန်း အဲဒီပို့ချမှုတွေ အကောင်အထည်ဖော်ဖို့ ဝန်ကြီးဌာနက စီစဉ်ထားပါတယ်။