၂၀၂၀ မှာ သတင်းထောက် ၅၀ဦး အသတ်ခံရဟု အစီရင်ခံစာ တစ်ခုကဆို

အခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သတင်းထောက် အယောက် ၅၀ အသတ်ခံခဲ့ရတယ်လို့ နိုင်ငံတကာသတင်းထောက်များအဖွဲ့အစည်း တစ်ခုက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထဲက သုံးပုံနှစ်ပုံဟာ စစ် ဖြစ်ပွားခြင်း မရှိတဲ့ နိုင်ငံတွေမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပဲရစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့အစည်းက အဲဒီ အစီရင်ခံစာကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိအတွင်း သတင်းထောက် အယောက် ၅၀ ဟာ သူတို့ရဲ့ အလုပ်နဲ့ ဆက်နွှယ်ပြီး အသတ်ခံခဲ့ရတယ်လို့ အဲဒီ အစီရင်ခံစာမှာ ဆိုထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခုနှစ်မှာ ကွင်းဆင်းလှုပ်ရှားမှု နည်းပါးခဲ့ပေမဲ့လည်း ပြီးခဲ့သည့်နှစ်တုန်းက သေဆုံးသူ ၅၃ ဦးထက် အနည်းငယ်သာ လျော့နည်းခဲ့ပါတယ်။
အသတ်ခံရမှု ၃၄ ခုဟာ ငြိမ်းချမ်းနေတယ်လို့ ယူဆရတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မက္ကဆီကိုနိုင်ငံမှာ သေဆုံးသူ ၈ဦး ရှိပြီး အများဆုံး အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးသမားတွေနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေအကြား ဆက်နွှယ်မှုကို သတင်းရယူဖို့ ကြိုးပမ်းနေတဲ့ သတင်းထောက်တွေ ပါဝင်ပါတယ်။
စာနယ်ဇင်းသမား ၄၂ ဦး ဟာ တမင် ပစ်မှတ်ထားခံရပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။ ဒါဟာ အသတ်ခံရသူတွေရဲ့ ၈၄ရာခိုင်နှုန်းရှိပြီး မနှစ်က ၆၃ ရာခိုင်နှုန်းထက် သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းရယူတာကြောင့် အဖမ်းခံရတဲ့ ၁၄ ဦး အပါအဝင် စာနယ်ဇင်းသမား ၃၈၇ ဦးဟာ သူတို့ရဲ့ အလုပ်နဲ့ဆက်နွှယ်ပြီး လတ်တလော ထိန်းသိမ်းခံထားရတယ်လို့ အဲဒီ အစီရင်ခံစာမှာ ဆိုထားပါတယ်။