လူထု စာနယ်ဇင်းသမားကို ထောင်ချခဲ့တဲ့အတွက် တရုတ်ကို အမေရိက ရှုတ်ချ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေကို ပထမဦးဆုံး တွေ့ရှိခဲ့ရတဲ့ ဝူဟန်မြို့က ကူးစက်ပြန့်ပွားမှုတွေကို တစ်သီးပုဂ္ဂလအနေနဲ့ သတင်းတင်ပြခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်ချမှတ် စီရင်ခဲ့တာအတွက် တရုတ်ကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် အပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

တရုတ်တရားရုံး တစ်ရုံးက တနင်္လာနေ့မှာ ရှေ့နေဟောင်း မီးစ် Zhang Zhan ကို သတင်းမှား ဖြန့်ချိမှု သံသယနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပါတယ်။
အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တစ်စောင်ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က "တရုတ်ကွန်မြူနစ်ပါတီဟာ အများပြည်သူဆိုင်ရာ သေရေးရှင်ရေး သတင်းအချက်အလက်တွေ အပေါ်မှာတောင် ပါတီရဲ့ တရားဝင် ရပ်တည်ချက်အပေါ် မေးခွန်းထုတ်သူတွေကို အသံတိတ်သွားအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သွားမယ်ဆိုတာကို ထပ်လောင်း ပြသလိုက်တယ်" လို့ ဆိုထားပါတယ်။
ဝူဟန်က ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး အစပိုင်းမှာ ကတည်းက တရုတ်ကွန်မြူနစ်ပါတီဟာ သတင်းအချက်အလက်တွေကို ကန့်သတ်ချုပ်ချယ်၊ ကြိုးကိုင်ခြယ်လှယ်ခဲ့ပြီး "အမှန်တရားကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုတဲ့ တခြားသူတွေကို ရက်စက်ကြမ်းကြုတ်စွာ အသံတိတ်စေခဲ့တယ်" လို့ သူက ပြောခဲ့ပါတယ်။