ကာကွယ်ဆေး ဖြန့်ဖြူးမှု တိုးမြှင့်ရေး အမေရိကန် ရွေးကောက်ခံ သမ္မတ တွန်းအားပေးမယ်

အမေရိကန်နိုင်ငံသားတွေကို ကိုရိုနာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး ပိုပြီး ထိုးပေးရေး အာမခံနိုင်ဖို့ တက်တက်ကြွကြွ ကြိုးပမ်းမှုမှာ ပုဂ္ဂလိက နယ်ပယ်နဲ့ တခြားသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ အမေရိကန် ရွေးကောက်ခံ သမ္မတ Joe Biden က ပြောလိုက်ပါတယ်။

မစ္စတာ Biden က သူရဲ့ အခြေစိုက်ပြည်နယ် Delaware မှာ အင်္ဂါနေ့က မိန့်ခွန်းပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီဇင်ဘာလ အလယ်ပိုင်းက စပြီး ကာကွယ်ဆေးတွေကို စတင်ထိုးပေးနေပါတယ်။ သူတို့အနေနဲ့ ဒီ ကာကွယ်ဆေးထိုးတာကို ၅ဆ ကနေ ၆ဆ အထိ တိုးမြှင့်သွားဖို့ လိုအပ်တယ်လို့ မစ္စတာ Biden က ဆိုပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သူရာထူးရယူပြီးနောက် ပထမ ရက် ၁၀၀ အတွင်း ကာကွယ်ဆေး အကြိမ် သန်း ၁၀၀ စာ ထိုးပေးနိုင်ဖို့ သူက ကတိပြုခဲ့ပါတယ်။
ကာကွယ်ဆေးအတွက်လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ဖို့ ကာကွယ်ရေးအတွက် ထုတ်လုပ်မှု ဥပဒေအရ သူ့ရဲ့ အခွင့်အာဏာကို အသုံးပြုပြီး ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းတွေကို အမိန့်ပေးဖို့စီစဉ်နေကြောင်း မစ္စတာ Biden က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူ ၃၃၀,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ အားလပ်ရက် ခရီးသွားလာမှုတွေနဲ့ လူစုဝေးမှုတွေကြောင့် ဒီဗိုင်းရပ်စ် နောက်ထပ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်လာနိုင်တာကို စိုးရိမ်နေကြောင်း ကျွမ်းကျင်သူတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။