ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် တစ်နေ့တာကူးစက်သူ ၅၀,၀၀၀ ကျော်ရှိ

ဗြိတိန်မှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ် တစ်နေ့တာ ကူးစက်သူ ၅၀,၀၀၀ ကျော်ခဲ့ပြီး အရင်နေ့ကထက် သိသိသာသာ စံချိန်တင် မြင့်တက်နေပါတယ်။ ဆေးရုံခုတင်တွေ ပြည့်လုနီးနီးဖြစ်လာနိုင်တာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

လန်ဒန်၊ အင်္ဂလန်အရှေ့တောင်ပိုင်းနဲ့ တခြား ဧရိယာတွေမှာ ကူးစက်မှုမြန်တဲ့ မျိုးဗီဇပြာင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု မြင့်တက်နေတယ်လို့ သတင်းရရှိပြီး တင်းကျပ်တဲ့ ကန့်သတ်မှုတွေ ချထားပါတယ်။
နိုင်ငံတစ်ဝန်း ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အရင်နေ့ကထက် ၁ သောင်းကျော် ပိုများလာပြီး ကူးစက်ခံရသူအသစ် ၅၃,၁၃၅ ဦး ရှိတယ်လို့ ဗြိတိန်အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူအသစ် အရေအတွက်ဟာလည်း ၄၁၄ ဦး တိုးလာခဲ့ပြီး ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း သေဆုံးသူ စုစုပေါင်း ၇၁,၀၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
လန်ဒန်နဲ့ အင်္ဂလန်က တခြားနေရာတွေမှာ ဆေးရုံတင်ထားရတဲ့ လူနာ ၂၀,၀၀၀ ကျော် ရှိပြီး ဒီအရေအတွက်ဟာ နွေဦးရာသီတုန်းက စံချိန်ကို ကျော်လွန်နေပါတယ်။
ကျန်းမာရေးဝန်ကြီး Matt Hancock က နိုင်ငံ့ကျန်းမာရေးဝန်ဆောင်မှုဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် "မကြုံစဖူး ဖိအားတွေ" နဲ့ ရင်ဆိုင်နေရတယ်လို့ လူမှုမီဒီယာပေါ်မှာ မှတ်ချက်ပြု ရေးသားခဲ့ပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ တင်းကျပ်တဲ့ ကန့်သတ်မှုတွေနဲ့ အကျုံးဝင်တဲ့ ဧရိယာတွေကို ထပ်ပြီး တိုးချဲ့သွားနိုင်ခြေရှိတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။