တိုကျို ဟာနဲဒါ လေဆိပ်မှာ အရင်ကလို လူပြည့်ကျပ်ခြင်း မရှိ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့အတောအတွင်း တိုကျိုရဲ့ ဟာနဲဒါ လေဆိပ်မှာ အခုနှစ် နှစ်ကုန်မှာတော့ ပုံမှန် နှစ်သစ်ကူးအချိန်တွေလို လူတွေ ပြည့်ကျပ်မနေတာကို တွေ့ရပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ terminal အမှတ် (၁) မှာ မိသားစု အနည်းငယ်လောက်နဲ့ တခြားခရီးသွားအနည်းငယ်လောက်သာ တွေ့ရပါတယ်။
ကူးစက်ပြန့်ပွားမှုတွေ ဆက်လက်ဖြစ်နေတာကြောင့် အရင်နှစ်တွေကနဲ့ မတူဘဲ ခရီးစဉ် အားလုံးနီးပါး ခုံတွေ လွတ်နေတယ်လို့ လေကြောင်းလိုင်းအရာရှိတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ကြိုတင်စာရင်းသွင်းထားတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းကြတဲ့အထဲမှာ အစိုးရရဲ့ ပြည်တွင်းခရီးသွား လှုံ့ဆော်ရေးအစီအစဉ် ဆိုင်းငံ့မှုကြောင့်လည်း ပါဝင်ပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ ဇန်နဝါရီလ ၃ ရက်နေ့အတွင်း လူပေါင်း ၄၅၀,၀၀၀ လောက်ဟာ လေယာဉ်ခရီးစဉ်တွေအတွက် ကြိုတင်စာရင်းသွင်းထားကြတယ်လို့ Japan Airlines ကုမ္ပဏီတွေက ပြောပါတယ်။ ဒါဟာ အရင်နှစ်ကိန်းဂဏန်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။
ခူမာမိုတိုခရိုင်က ဇာတိမြေကို ပြန်ဖို့ စီစဉ်ထားတဲ့ အမျိုးသမီးတစ်ဦးက အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ သူ့အမေကို ကပ်ရောဂါကြောင့် ၁ နှစ် မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။ သူက ခဏလေးပဲဖြစ်ဖြစ် အမေ့ကို ဆေးရုံမှာ တွေ့ဆုံရဖို့ မျှော်လင့်နေကြောင်း ပြောခဲ့ပါတယ်။