လေဆိပ်မှာ ရောဂါစစ်ဆေးမှု ဆောင်ရွက်ချက်တွေ ဂျပန် တိုးချဲ့

ဂျပန်အစိုးရက မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတယ်လို့ အတည်ပြုထားတဲ့ နိုင်ငံတွေနဲ့ ဒေသတွေကနေ ဂျပန်နိုင်ငံကို ပြန်လာနေတဲ့သူတွေကို လေဆိပ်မှာ ရောဂါစစ်ဆေးတဲ့ ဆောင်ရွက်ချက်တွေကို ပိုပြီး တင်းကျပ်ထားပါတယ်။

တိုကျိုအနီး နာရီတာ လေဆိပ်မှာ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာတဲ့ ခရီးသည်တွေကို ဆေးစစ်မှုအရ ဗိုင်းရပ်စ်ပိုး မရှိကြောင်း အတည်ပြုလက်မှတ်နဲ့ ခရီးသွား ရာဇဝင် အပါအဝင် စာရွက်စာတမ်းတွေကို တာဝန်ရှိသူတွေက သေသေချာချာ စစ်ဆေးခဲ့ကြပါတယ်။
ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်မှာ နေထိုင်ခွင့်ရှိတဲ့ နိုင်ငံခြားသားတွေကို မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ ဗြိတိန် ဒါမှမဟုတ် တောင်အာဖရိက က ပြန်လာတာဆိုရင် အဲဒီလို စစ်ဆေးမှု အတည်ပြုချက် လက်မှတ်တွေကို တောင်းခံထားပြီး ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က စတင်ပြီး နိုင်ငံ ၈ နိုင်ငံကို အဲဒီစာရင်းထဲ ထည့်သွင်းထားပါတယ်။ အဲဒီနိုင်ငံတွေကတော့ ပြင်သစ်၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်နိုင်ငံတွေ ဖြစ်ပါတယ်။
ပြန်လာမယ့်သူတွေဟာ အဲဒီနိုင်ငံတွေက မထွက်ခွာခင် ၇၂ နာရီအတွင်း ရောဂါပိုး မရှိကြောင်း စစ်ဆေးထားတာကို သက်သေပြရမှာ ဖြစ်ပါတယ်။
အဲဒီဆေးလက်မှတ်တွေကို မပြနိုင်ဘူးဆိုရင်တော့ သူတို့တွေဟာ သတ်မှတ်ထားတဲ့ တည်းခိုခန်းတွေမှာ ၁၄ ရက်ကြာ သီးသန့်ခွဲနေထိုင်ဖို့ လိုအပ်ပါလိမ့်မယ်။
ဂျပန်အစိုးရဟာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိထားတဲ့ ကနေဒါ၊ ဆွီဒင်၊ စပိန်၊ နော်ဝေ၊ Liechtenstein နဲ့ ဆွစ်ဇာလန် စတဲ့ ၆ နိုင်ငံကိုလည်း အဲဒီစာရင်းထဲ ထပ်ဖြည့်ဖို့ စီစဉ်နေပါတယ်။