အလုပ်လက်မဲ့ ဖြစ်ရသူတွေအတွက် နှစ်ကုန်မှာ ဆွေးနွေးအကြံပေး

ရှေ့နေတွေပါဝင်တဲ့ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အလုပ်အကိုင်တွေ ဒါမှမဟုတ် ဝင်ငွေ တစ်စိတ်တစ်ဒေသ ဆုံးရှုံးရသူတွေအတွက် ဆွေးနွေးအကြံပေးမှုတွေကို တိုကျိုမြို့မှာ ပြုလုပ်ပေးနေပါတယ်။

အဲဒီလို ဆွေးနွေးအကြံပေးမှုတွေကို Shinjuku မြို့နယ် ရဲ့ Kabukicho ဖျော်ဖြေရေးရပ်ကွက်မှာရှိတဲ့ Okubo ပန်းခြံမှာ အင်္ဂါနေ့မနက် ၁၀ နာရီက စတင်ခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမား ပြဿနာတွေကို ကိုင်တွယ်ဆောင်ရွက်ပေးနေတဲ့ ဂျပန် အလုပ်သမားရေးရာ ရှေ့နေများအသင်း အဖွဲ့ဝင်တွေ နဲ့ အလုပ်သမားသမဂ္ဂ ဝန်ထမ်းတွေက ဆွေးနွေးအကြံပေးမှုတွေ ပြုလုပ်နေပါတယ်။
လာရောက် အကြံဉာဏ် ရယူသူတွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၄၀ တန်းအရွယ် အမျိုးသားတစ်ဦးက သူ့မှာ ယန်း ၁၀၀ ပဲရှိတော့တယ်လို့ ပြောပါတယ်။ သူဟာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကနေ အလုပ်ပြုတ်ပြီးနောက် အင်တာနက်ကဖေးဆိုင်တွေမှာ အိပ်နေရတယ်လို့ ဆိုပါတယ်။
အဲဒီ အကြံပေးပွဲကို စီစဉ်သူတွေက တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ပေးတဲ့ ယာယီအိမ်ရာမှာ စာရင်းသွင်းဖို့ လုပ်ထုံးလုပ်နည်းတွေကို ကူညီလုပ်ဆောင်ပေးနေပါတယ်။ နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်တွေ ဝယ်ယူဖို့ အတွက်ငွေကြေးနဲ့ အစားအစာတွေကိုလည်း ထောက်ပံ့ပေးနေပါတယ်။
ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းလာမှုနဲ့ ဆက်စပ်ပြီး လူပေါင်း ၈၀,၀၀၀ နီးပါးဟာ အလုပ်အကိုင် ဆုံးရှုံးခဲ့ရတယ်လို့ အစိုးရစစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၃၀ ရက် ဗုဒ္ဓဟူးနေ့နဲ့ ဇန်နဝါရီလ ၂ရက် စနေနေ့တွေမှာလည်း မနက် ၁၀ နာရီကနေ ညနေ ၅နာရီအထိ အဲဒီ အကြံပေးဝန်ဆောင်မှုကို ပေးသွားမှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက် သီးသန့် အခန်းရှိပြီး နိုင်ငံခြားသား အလုပ်သမားတွေလည်း အဲဒီ ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။