နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တရုတ်နဲ့ ရုရှားသမ္မတတို့ ထပ်လောင်းအတည်ပြု

လာမယ့် ဇန်နဝါရီလမှာ အမေရိကန်အစိုးရ ပြောင်းလဲမှု မတိုင်ခင်မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။

တနင်္လာနေ့က နှစ်နိုင်ငံခေါင်းဆောင်တွေ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့တယ်လို့ ရုရှားသမ္မတရုံးက ကြေညာခဲ့ပါတယ်။
“နှစ်နိုင်ငံ ဆက်ဆံရေးဟာ သမိုင်းမှာ အမြင့်ဆုံးအဆင့်နဲ့ နှစ်ဦးနှစ်ဖက် အမှန်တကယ် အကျိုးရှိတဲ့ အဆင့်ကို ရောက်နေပြီးလို့ဆိုပြီး ခေါင်းဆောင်တွေက အမွှမ်းတင်ခဲ့ကြတယ်” လို့ အဲဒီရုံးက ပြောပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့်လိုတဲ့ သူတို့ရဲ့ ဆန္ဒကို ထပ်လောင်း အတည်ပြုခဲ့ကြတယ်လို့လည်း အဲဒီရုံးက ဖြည့်စွက် ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မစ္စတာ ရှီရဲ့ ပြောကြားချက်ကို ကိုးကားပြီး တရုတ်နဲ့ ရုရှားအကြား မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေဟာ နှစ်နိုင်ငံအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ နှစ်နိုင်ငံအကြား စိတ်ဝမ်းကွဲအောင် ကြိုးပမ်းအားထုတ်မှုတွေကို ထိထိရောက်ရောက် ခုခံနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က တရုတ်နဲ့ ရုရှားရဲ့ စစ်တပ်တွေဟာ ဂျပန်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်မှာ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ စုံစမ်းထောက်လှမ်းမှု စစ်ဆင်ရေးတွေကို ပူးတွဲလုပ်ဆောင်ခဲ့ကြပါတယ်။
တနင်္လာနေ့က တယ်လီဖုန်းနဲ့ ကျင်းတဲ့ အဲဒီ ထိပ်သီးဆွေးနွေးပွဲဟာ နောက်လထဲမှာ အမေရိကန်ရဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ရာထူးတာဝန် မထမ်းဆောင်ခင် နှစ်နိုင်ငံဆက်ဆံရေးကို တောင့်တင်းခိုင်မာစေဖို့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ရပါတယ်။