တရုတ်နိုင်ငံမှာ ဝူဟန် သတင်းတွေရေးသားတဲ့ စာနယ်ဇင်းသမားကို ထောင်ချ

ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှုတွေကို တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့မှာ ဒီဗိုင်းရပ်စ်အကြောင်းနဲ့ ပတ်သက်ပြီး တသီးပုဂ္ဂလ အနေနဲ့ သတင်းတင်ပြခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တရုတ် တရားရုံးတစ်ရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။

ရှေ့နေဟောင်းဖြစ်သူ မီးစ် Zhang Zhan ကျန်းကျန့်ကို “လူတွေအကြား အချင်းများအောင်နဲ့ ပြဿနာတွေဖြစ်အောင် လှုံ့ဆော်ခဲ့တယ်” ဆိုတဲ့ စွဲချက်နဲ့ ရှန်ဟိုင်းမြို့မှာရှိတဲ့ တရားရုံးက တနင်္လာနေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မီးစ် ကျန်းဟာ ဖေဖော်ဝါရီလတုန်းက ဟူပေးပြည်နယ်မှာရှိတဲ့ ဝူဟန်မြို့ကို သွားရောက်ခဲ့ပါတယ်။ သူက ရောဂါ ကူးစက်ပြန့်ပွားမှုတွေနဲ့ ပတ်သက်တဲ့ အာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ အပါအဝင် သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို အွန်လိုင်းမှာ တင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သတင်းအမှားတွေ ဖြန့်ဝေပြီး လူမှုဝန်းကျင် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
တနင်္လာနေ့က ပထမဆုံး တရားရုံးကြားနာမှုမှာ မီးစ် ကျန်းဟာ အဲဒီစွဲချက်တွေကို ပယ်ချခဲ့ပြီး အစစ်ဆေးခံဖို့ကိုတောင်မှ ငြင်းဆိုခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။
ဒီစီရင်ချက်ဟာ တရားမျှတမှု မရှိဘူးလို့ အဲဒီရှေ့နေက ထုတ်ဖော်ပြောကြားလိုက်ပြီး ဥပဒေအရာရှိတွေအနေနဲ့ မီးစ် ကျန်း က သတင်းအမှားတွေ ပြန့်အောင် လုပ်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ မတင်ပြနိုင်ဘူးလို့လည်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တရုတ်နိုင်ငံရဲ့ ဥပဒေမှာ အာမခံထားတယ်လို့လည်း အဲဒီရှေ့နေက ထောက်ပြခဲ့ပါတယ်။
မီးစ် ကျန်းဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းဖော်ပြဖို့ ကြိုးပမ်းမှုအတွက် ဖမ်းဆီးထိန်းသိမ်း ခံရသူ အများအပြားထဲက တစ်ဦးဖြစ်ပါတယ်။