၂၀၂၁ ခုနှစ်ဟာ ကမ္ဘာကြီးကို ကုသမှုတွေပေးတဲ့နှစ်ဖြစ်စေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကတိပြု

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အနိုင်ယူခြင်းနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချခြင်းတွေနဲ့ ၂၀၂၁ ခုနှစ်ကို ကမ္ဘာကြီးရဲ့ ဒဏ်ရာတွေပျောက်ကင်းအောင် ကုသမှုတွေပေးတဲ့နှစ် ဖြစ်လာအောင် လုပ်ဆောင်မယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ကတိပြုပြောကြားလိုက်ပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ နှစ်သစ်အတွက် ဗီဒီယို သတင်းစကားကို ကုလသမဂ္ဂက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မစ္စတာ Guterres က ၂၀၂၀ ပြည့်နှစ်ဟာ "အံကြိတ်သည်းခံမှု၊ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေရဲ့ နှစ်" ဖြစ်တယ်လို့ တင်စားခဲ့ပါတယ်။ ဒီကပ်ရောဂါဟာ အသက်ပေါင်းများစွာကို ဆုံးရှုံးစေခဲ့တဲ့အပြင် ဆင်းရဲချမ်းသာကွာဟမှုတွေ ပိုမိုဆိုးရွားစေပြီး စားနပ်ရိက္ခာပြတ်လပ်မှုတွေကို ခေါ်ဆောင်လာခဲ့ကာ များပြားလှတဲ့လူတွေကို အလုပ်လက်မဲ့ ဖြစ်စေခဲ့တယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။
"ကမ္ဘာမြေကို ကုစားဖို့" နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စည်းလုံးညီညွတ်ကြပါလို့ သူက တိုက်တွန်းခဲ့ပါတယ်။ သူက "ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ် တစ်မျိုးရဲ့ ဆိုးကျိုးတွေကို ကုစားဖို့၊ ပျက်စီးနေတဲ့ စီးပွားရေးနဲ့ လူမှုအသိုက်အဝန်းတွေကို ကုစားဖို့၊ စိတ်ဝမ်းကွဲမှုတွေကို ကုစားဖို့" လုပ်ဆောင်ကြပါလို့ တောင်းဆိုခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တားဆီးရေးနဲ့ ကာကွယ်ဆေးတွေ ဖြန့်ဖြူးရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးတက်လာဖို့ သူ့ရဲ့ သန္နိဋ္ဌာန်ကို မစ္စတာ Guterres က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၅၀ ပြည့်နှစ် နောက်ဆုံးထားပြီး နိုင်ငံအားလုံးမှာ လက်တွေ့အားဖြင့် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ သုံးစွဲမှု ဘဲစားဘဲခြေဖြစ်ရေး သူ့ရဲ့ အစီအစဉ်ကိုလည်း သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။