ဟောင်ကောင်က လှုပ်ရှားသူတွေအပေါ် တရားစီရင်မှုအတွက် စိုးရိမ်ကြောင်း အမေရိကနဲ့ ဗြိတိန် ထုတ်ဖော်ပြောကြား

ထိုင်ဝမ်ကို ပုန်းလျှိုးကွယ်လျှိုးသွားရောက်ဖို့ ကြိုးပမ်းမှုနဲ့ တရားစွဲခံထားရတဲ့ ဟောင်ကောင်က လှုပ်ရှားသူတွေအပေါ် တရားစီရင်မှုတစ်ခုနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားသူ ၁၂ ဦးဟာ ထိုင်ဝမ်ကို လှေနဲ့ ဝင်ရောက်ဖို့ ကြိုးစားနေဆဲ ဩဂုတ်လမှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူတို့ဟာ ရေပြင်မှာ တရားမဝင် သွားလာတဲ့ စွဲချက်နဲ့ တရားစွဲခံခဲ့ရပါတယ်။
သူတို့ထဲက အများအပြားဟာ ဟောင်ကောင်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ ဆက်နွှယ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်း ဒါမှမဟုတ် တရားစွဲခံခဲ့ကြပြီးနောက် အာမခံနဲ့ လွတ်လာခဲ့ကြပါတယ်။
သူတို့ထဲက တစ်ဦးဟာ ဟောင်ကောင်ဆိုင်ရာ နိုင်ငံ့လုံခြုံရေး ဥပဒေ ချိုးဖောက်မှု သံသယနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။
သူတို့ထဲက ၁၀ ဦးအပေါ် တရားရုံးမှာ ကြားနာမှုကို ဟောင်ကောင်နဲ့ ကပ်လျက်မှာရှိတဲ့ တရုတ်တောင်ပိုင်းက Shenzhen မြို့က တရားရုံးတစ်ရုံးမှာ တနင်္လာနေ့က စတင်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေက သံတမန်တွေနဲ့ ဟောင်ကောင် စာနယ်ဇင်းသမားတွေ အဲဒီ တရားရုံးကို လာရောက်ခဲ့ကြပေမဲ့ ကြားနာမှုကို ကြည့်ရှုခွင့် မရခဲ့ကြပါဘူး။
ဥပဒေရေးရာ စုံစမ်းစစ်ဆေးရေး အရာရှိတွေနဲ့ တရားခံရှေ့နေတွေဆီက လျှောက်လဲချက်တွေကို ကြားနာခဲ့တယ်လို့ ဒီတရားရုံးက ပြောခဲ့ပြီး တရားစီရင်မှုနဲ့ပတ်သက်တဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။