ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တစ်နေ့တာ အရေအတွက် ၄ သောင်း ကျော်လာ

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုး ကူးစက်ပြန့်ပွားနေတဲ့အကြား ဗြိတိန်မှာ တနင်္လာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တစ်နေ့တာ အရေအတွက်ဟာ ပထမဦးဆုံးအဖြစ် ၄၀,၀၀၀ ကျော်လာခဲ့ပါတယ်။

လန်ဒန်နဲ့ တခြား အင်္ဂလန် အရှေ့တောင်ပိုင်းတွေမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က ကနဦး ချမှတ်ခဲ့တဲ့ ပိုပြီးတင်းကျပ်တဲ့ ကန့်သတ်ချက်တွေနဲ့ အကျုံးဝင်တဲ့ ဧရိယာကို စနေနေ့မှာ အစိုးရက တိုးချဲ့လိုက်ပါတယ်။
တနင်္လာနေ့တုန်းက ဗြိတိန်တစ်လွှား စုစုပေါင်း ကူးစက်ခံရသူ ၄၁,၃၈၅ ဦး ရှိပါတယ်။ အဲဒီထဲက ၃၆,၅၁၁ ဦးကတော့ နိုင်ငံ့လူဦးရေရဲ့ ၈၄ ရာခိုင်နှုန်း နေထိုင်နေတဲ့ အင်္ဂလန်က ဖြစ်ပြီး အရင်နေ့ကထက် တစ်သောင်းကျော် ခုန်တက်လာဖြစ်ပါတယ်။ နိုင်ငံ့စာရင်းအင်းဌာနက ဒီဇင်ဘာလ အလယ်ပိုင်းကတည်းက အရှေ့တောင်ပိုင်းမှာ ကူးစက်မှုတွေ အရှိန်ပြင်းပြင်းနဲ့ ပျံ့နှံ့လာနေတယ်လို့ ဆိုပါတယ်။
ဗြိတိန်အစိုးရက ဒီ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ရဲ့ ကူးစက်မှုစွမ်းရည်ဟာ မူရင်း ဗိုင်းရပ်စ်ထက်ပိုမြင့်တယ်လို့ ယုံကြည်နေပေမဲ့ လူတွေကို ပိုပြီး နာမကျန်းစေတာ ဒါမှမဟုတ် ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို အားပျော့စေတာမျိုး ပြသနေတဲ့ အထောက်အထား တစ်စုံတစ်ရာ မရှိဘူးလို့လည်း ဆိုပါတယ်။