တောင်အာဖရိကမှာ COVID-19 ကန့်သတ်ချက်တွေ တင်းကျပ်

တောင်အာဖရိက နိုင်ငံမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ကူးစက်ပြန့်ပွားနေတာကြောင့် ပိုပြီး တင်းကျပ်တဲ့ လူမှုဆက်ဆံရေး ကန့်သတ်ချက်တွေကို စတင်ကျင့်သုံးနေပါတယ်။

တနင်္လာနေ့မှာ သမ္မတ Cyril Ramaphosa က ပြည်သူတွေကို မိန့်ခွန်းပြောခဲ့ပါတယ်။ သူက "ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်မှု အရေအတွက်ဟာ မခန့်မှန်းနိုင်လောက်တဲ့နှုန်းနဲ့ မြင့်တက်နေတယ်" လို့ ပြောခဲ့ပါတယ်။
ဒီ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ဟာ အခုအခါ တောင်အာဖရိက တစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေတယ်လို့ သူကပြောခဲ့ပြီး လတ်တလော မြင့်တက်မှုဟာ "အကြီးအကျယ် သတိထားရမယ့် အကြောင်းရင်းတစ်ခု" ဖြစ်တယ်လို့ ဆိုပါတယ်။
အဆောက်အအုံတွင်းနဲ့ ပြင်ပ လူစုဝေးမှုတွေကို တားမြစ်မယ်လို့လည်း သူက ဆိုပါတယ်။ ဒါ့အပြင် ဈေးဆိုင်၊ အရက်ဆိုင်နဲ့ တခြား စီးပွားရေးလုပ်ငန်းတွေ ည ၈နာရီနောက်ဆုံးထားပြီး ပိတ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
သမ္မတ Ramaphosa က ညမထွက်ရအမိန့် အချိန်တိုးချဲ့မှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု စတင်ခဲ့တဲ့နောက်ပိုင်း တောင်အာဖရိကမှာ တတိယမြောက်ဖြစ်တဲ့ အရက်သေစာ ရောင်းချမှု ပိတ်ပင်ချက်ကိုလည်း ကြေညာခဲ့ပါတယ်။
အရက်သေစာနဲ့ ပတ်သက်နေတဲ့ မတော်တဆမှုတွေနဲ့ အကြမ်းပတမ်းဖြစ်ရပ်တွေက ဆေးရုံတွေရဲ့ အရေးပေါ်ဌာနတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေနေတယ်လို့ သူက ဆိုပါတယ်။