'Demon Slayer' ကာတွန်း အာနီမဲ ရုံတင်ဝင်ငွေ စံချိန်ချိုး

ဂျပန်လို "Kimetsu no Yaiba" အင်္ဂလိပ်လို "Demon Slayer" လို့အမည်ရတဲ့ ဂျပန် အာနီမဲ ကာတွန်းရုပ်ရှင်ဟာ ဂျပန်နိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ မကြုံစဖူး ရုံတင်ဝင်ငွေစံချိန်ချိုးအောင် ရရှိခဲ့ပါတယ်။ ၇၃ရက်အတွင်း ဝင်ငွေ ဂျပန်ယန်း ၃၂.၄ ဘီလီယံကျော် အမေရိကန်ဒေါ်လာ နဲ့ဆိုရင် ၃၁၄သန်းလောက် ရရှိခဲ့ပါတယ်။

ဒီအာနီမဲ ကာတွန်းရုပ်ရှင်ဟာ ဒါရိုက်တာ Miyazaki Hayao ၂၀၀၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ရုံတင်ဝင်ငွေ ဂျပန်ယန်း ၃၁.၆ ဘီလီယံ စံချိန်တင်ရရှိခဲ့တဲ့ "Spirited Away" စိတ်ကူးယဉ် အာနီမဲ ရုပ်ရှင်ရဲ့ ဝင်ငွေကို စံချိန်ချိုးခဲ့ပါတယ်။
"Demon Slayer" ရုပ်ရှင် ဖြန့်ချိတဲ့ Toho လုပ်ငန်းစုက ဒီရုပ်ရှင်ကို အောက်တိုဘာလ ၁၆ရက်နေ့က ရုံတင်ပြသပြီးနောက်ပိုင်း ပရိသတ်ပေါင်း ၂၄ သန်းကျော် ကြည့်ရှုခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ရာစုနှစ် ၁ ခုလောက်က ဂျပန်မှာ နတ်ဆိုးတွေကို တိုက်ခိုက်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းရေးထားတဲ့ နာမည်ကြီး manga ဇာတ်လမ်းတွဲအပေါ် အခြေခံထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထုတ်လွှင့်ခဲ့တဲ့ တီဗွီ ကာတွန်းဇာတ်လမ်းတွဲရဲ့ အဆက်လည်းဖြစ်ပါတယ်။