Ant Group က ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေကို ပြန်စစ်ဆေးဖို့ ညွှန်ကြား

တရုတ်နိုင်ငံက ကြီးကြပ်ရေးအာဏာပိုင်တွေက မိုဘိုင်းစနစ်နဲ့ ငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုပေးနေတဲ့ Ant Group ကုမ္ပဏီကို စစ်ဆေးမှုတွေ ပြန်လုပ်ဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

People's Bank of China နဲ့ China Banking and Insurance Regulatory Commission အပါအဝင် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက တနင်္ဂနွေနေ့မှာ အဲဒီလို ကြေညာခဲ့တာ ဖြစ်ပါတယ်။
Ant Group ဟာ အွန်လိုင်းရောင်းဝယ်ရေးကုမ္ပဏီကြီး Alibaba Group ရဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွဲတစ်ခု ဖြစ်ပါတယ်။ Ant Group ဟာ Alipay အပလီကေးရှင်းနဲ့ ငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။ ဒီဝန်ဆောင်မှုကို အသုံးပြုသူ ခန့်မှန်းခြေ ၁ ဘီလီယံကျော် ရှိပြီး အများစုက တရုတ်နိုင်ငံတွင်းက ဖြစ်ပါတယ်။
Ant Group ဟာ အသေးစားချေးငွေလုပ်ငန်းနဲ့ အာမခံလုပ်ငန်းတွေကို ချဲ့ထွင် လုပ်ကိုင်နေပါတယ်။
ငွေပေးချေတဲ့ဝန်ဆောင်မှုလုပ်ငန်းကို အာရုံစိုက်လုပ်ဆောင်ဖို့နဲ့ သူတို့ရဲ့ ကြီးကြပ်မှုအောက်မှာ ချေးငွေလုပ်ငန်း တိုးချဲ့ဖို့ ကုမ္ပဏီသစ်တစ်ခု တည်ထောင်ဖို့ကိုလည်း အဲဒီကြီးကြပ်ရေးအဖွဲ့က Ant Group ကို ညွှန်ကြားခဲ့ပါတယ်။
Alibaba ကုမ္ပဏီကို တည်ထောင်သူ Jack Ma က ဘဏ္ဍာရေးဆိုင်ရာအာဏာပိုင်တွေကို ဝေဖန်ခဲ့ပြီးနောက် တရုတ်အစိုးရက အဲဒီကုမ္ပဏီကို ပြင်းပြင်းထန်ထန် ဖိအားပေးနေခဲ့ပါတယ်။
စတော့ဈေးကွက်မှာ Ant Group ရဲ့ ရှယ်ယာတွေ စတင် ရောင်းချမှုဟာ နိုဝင်ဘာလမှာ ရပ်ဆိုင်းခံခဲ့ရပါတယ်။
Alibaba ကုမ္ပဏီကို စီးပွားရေးလက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီလို့လည်း တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။