ဟောင်ကောင်ရဲ့ လုံခြုံရေးဥပဒေချိုးဖောက်သူ ၃၀ အား အလိုရှိကြောင်း မီဒီယာမှာ ဖော်ပြ

ဟောင်ကောင်အတွက် ချမှတ်ထားတဲ့ နိုင်ငံ့လုံခြုံရေးဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ သံသယရှိသူ စာရင်းထဲမှာ ပြည်ပမှာ နေထိုင်သူ ၃၀ ကို ထည့်သွင်းထားကြောင်း ဟောင်ကောင်က မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဟောင်ကောင်မီဒီယာအပြင် တရုတ်နိုင်ငံပိုင် သတင်းဌာန (CCTV) က လက်ရှိမှာ ဗြိတိန်၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ နေထိုင်နေတဲ့ အဲဒီလူတွေဟာ ခွဲထွက်ရေးကို လှုံ့ဆော်တာ ဒါမှမဟုတ် နိုင်ငံ့လုံခြုံရေးကို ခြိမ်းခြောက်ဖို့အတွက် နိုင်ငံခြားအဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်တာတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီစာရင်းထဲပါတဲ့သူတွေထဲမှာ ဥပဒေပြုကောင်စီရဲ့ လုပ်ငန်းစဉ်တွေကို နှောင့်ယှက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဟောင်ကောင် လွှတ်တော်အမတ်ဟောင်း Ted Hui ပါဝင်ပါတယ်။ မစ္စတာ Hui ဟာ အာမခံနဲ့ လွတ်လာပြီးနောက် ဥရောပကို သွားခဲ့ပြီး အခုလ စောစောပိုင်းမှာ နိုင်ငံရေးခိုလှုံဖို့ ကြိုးပမ်းနေတယ်လို့ ကြေညာခဲ့ပါတယ်။
ဟောင်ကောင်မှာ ဇွန်လတုန်းက ဒီဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြမှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့ပါတယ်။
အဲဒီဥပဒေမှာ ပြည်ပနိုင်ငံက လှုပ်ရှားမှုတွေနဲ့ နိုင်ငံခြားသားတွေကို တရားစွဲနိုင်ကြောင်း ပြဋ္ဌာန်းထားတာကြောင့် အာဏာပိုင်တွေဟာ ဟောင်ကောင်ပြင်ပက လှုပ်ရှားမှုတွေအပေါ်မှာလည်း နှိပ်ကွပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။