အီးယူတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အလုံးအရင်းနဲ့ ထိုးပေး

အီးယူအဖွဲ့ဝင်နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အလုံးအရင်းနဲ့ ထိုးပေးနေပြီဖြစ်ပါတယ်။

မူလဗိုင်းရပ်စ်ထက် ပိုပြီးကူးစက်မြန်တဲ့ မျိုးဗီဇပြောင်းဗိုင်းရပ်စ် အသစ်တွေ့ရှိမှုတွေ ဖြစ်ပွားနေချိန်အတွင်း အခုလို လုပ်ဆောင်နေတာဖြစ်ပါတယ်။
အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ သူ့ရဲ့ မိတ်ဖက် ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့ ပူးတွဲတီထွင်ထုတ်လုပ်ခဲ့တဲ့ ကာကွယ်ဆေးကို အီးယူက အတည်ပြုခဲ့ပြီး ၆ ရက်အကြာ တနင်္ဂနွေနေ့မှာ အဲဒီလိုဆေးထိုးမှုတွေကို စတင်ခဲ့ပါတယ်။ အဲဒီဆေးဟာ အီးယူက ပထမဦးဆုံးတရားဝင် ခွင့်ပြုခဲ့တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာဆိုရင် အသက် ၇၈ နှစ်အရွယ်အမျိုးသမီးကြီး တစ်ဦးဟာ ပါရီမြို့ဆင်ခြေဖုံးအရပ်က ဆေးရုံတစ်ရုံမှာ ဆေးထိုးခံခဲ့ပြီး ပြင်သစ်နိုင်ငံမှာ ကာကွယ်ဆေးအထိုးခံတဲ့ ပထမဦးဆုံးသောသူ ဖြစ်လာခဲ့ပါတယ်။
ပြင်သစ်ဟာ ကာကွယ်ဆေးထိုးပေးမှုတွေကို ဘိုးဘွားရိပ်သာတွေမှာနေထိုင်နေကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ သူတို့တွေရဲ့ ဝန်ထမ်းတွေကို ဦးစားပေးလုပ်ဆောင်နေပါတယ်။ အဲဒီနောက်မှာတော့ တခြားအသက်ကြီးသူတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ထိုးပေးမှာဖြစ်ပါတယ်။ တခြားသူတွေကတော့ လာမယ့်နွေဦးရာသီမှာ စပြီး ကာကွယ်ဆေးထိုးခံရမယ်လို့ တွက်ဆရပါတယ်။
ဂျာမဏီနိုင်ငံမှာလည်း အလားတူ ကာကွယ်ဆေးထိုးတာတွေကို တစ်နိုင်ငံလုံးအနှံ့ စတင်လိုက်ပြီဖြစ်ပါတယ်။
COVID-19 ကြောင့် ဥရောပမှာ လူ ၇၀၀၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံးဖြစ်ခဲ့ရတဲ့ အီတလီနိုင်ငံမှာ ဆိုရင် ရောမမြို့ရှိ ဆေးရုံတစ်ရုံက ဆေးဝန်ထမ်း ၅ ဦးဟာ နိုင်ငံတွင်းကာကွယ်ဆေးထိုးမှုကို ပထမဦးဆုံးရတဲ့သူတွေ ဖြစ်လာခဲ့ပါတယ်။