ဂျပန်တွင် မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈ ဦးရှိ

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံတွင်းမှာ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရတာ ၈ ဦး ရှိသွားပြီဆိုတာကို အတည်ပြုခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

တိုကျိုမှာနေထိုင်တဲ့ အသက် ၅၀ တန်း အမျိုးသမီးတစ်ဦးမှာ အဲဒီဗိုင်းရပ်စ်အသစ် ကူးစက်ခံရတယ်ဆိုတာကို တနင်္ဂနွေနေ့မှာ စမ်းသပ်စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ ဒီဇင်ဘာ ၁၃ ရက်နေ့က ဗြိတိန်ကနေ ဂျပန်ကို ပြန်ရောက်လာခဲ့တယ်ဆိုတာနဲ့ လေဆိပ်မှာ ဗိုင်းရပ်စ် စစ်ဆေးမှုကို လုပ်ဆောင်ခဲ့တုန်းက မတွေ့ခဲ့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနအရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ အဲဒီအမျိုးသမီးဟာ အဖျားရှိလာခဲ့ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က တိုကျိုမှာရှိတဲ့ ဆေးရုံတစ်ရုံကို တင်ခဲ့ရပါတယ်။
ဂျပန်ကိုရောက်လာခဲ့ပြီးတဲ့ကတည်းက အဲဒီအမျိုးသမီးဟာ အများပြည်သူစီးယာဉ်တွေကို မသုံး ၊ ဘယ်သူနဲ့မှ နီးနီးကပ်ကပ်ဆက်ဆံတာမျိုးမလုပ်ပဲ နေရာတစ်နေရာမှာ ကိုယ့်ဖာသာကိုယ် သီးခြားခွဲနေထိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဗြိတိန်ကနေရောက်လာတဲ့ ခရီးသွား ၅ ဦး ဟာ လေဆိပ်မှာ စမ်းသပ်စစ်ဆေးမှုခံယူစဉ်အတွင်း အဲဒီဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။
မကြာသေးခင်က ဗြိတိန်ကနေပြန်လာတဲ့ တိုကျိုမှာနေထိုင်သူ အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့မိသားစုဝင်တစ်ဦးဟာလည်း အဲဒီမျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတာကို အတည်ပြုခဲ့တယ်လို့ အရာရှိတွေက စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။