မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဂျပန်ဝန်ကြီးချုပ် အလေးပေးပြော

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က သူ့ရဲ့အစိုးရဟာ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လျင်လျင်မြန်မြန်တုံ့ပြန်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

သတင်းထောက်တွေကို တနင်္လာနေ့က ပြောဆိုရာမှာ ဝန်ကြီးချုပ် Suga က ဂျပန်ပြည်သူပြည်သားတွေကို အကာအကွယ်ပေးဖို့ ကြိုတင်ဆောင်ရွက်တဲ့အနေနဲ့ နိုင်ငံတွင်းနေထိုင်သူမဟုတ်တဲ့နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ရပ်ဆိုင်းထားပြီးပြီလို့ ပြောပါတယ်။
အဲဒီမျိုးဗီဇပြောင်းဗိုင်းရပ်စ်ဟာ ကူးစက်မှုပိုမြန်တယ်ဆိုတာကို ပြောလို့ရတယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒါပေမဲ့ ကူးစက်မှုတားဆီးကာကွယ်ရေးနဲ့ပတ်သက်တဲ့ အခြေခံဆောင်ရွက်ချက်တွေကတော့ အတူတူပါပဲလို့ သူက ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ လက်ဆေးဖို့နဲ့ နှာခေါင်းစည်းတပ်တာမျိုးတွေကိုတော့ သေချာပေါက်လုပ်ကြပါလို့ ဝန်ကြီးချုပ်က မေတ္တာရပ်ခံခဲ့ပါတယ်။
နှစ်သစ်ကူးအားလပ်ရက်တွေကို တိတ်ဆိတ်ငြိမ်သက်စွာနဲ့ပဲ ကုန်လွန်ကြပါလို့ သူ့ရဲ့မေတ္တာရပ်ခံချက်ကို ထပ်ပြောခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုတားဆီးရေးအတွက် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လုပ်ငန်းလုပ်ဆောင်ချိန် လျှော့ချဖို့ အစိုးရကတောင်းဆိုထားတာကို သေချာပေါက်ဆောင်ရွက်စေဖို့အတွက် ဥပဒေပြင်ဆင်သွားဖို့ သူ့အစိုးရက ရည်ရွယ်ထားတယ်ဆိုတာကိုလည်း ဂျပန်ဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။
ကျွမ်းကျင်သူတွေရဲ့အမြင်တွေကို နားထောင်ပြီးတဲ့နောက် ဥပဒေကြမ်းတစ်ခုကို ဖြစ်နိုင်သမျှအမြန်ဆုံး လွှတ်တော်သို့ တင်သွင်းလိုတယ်လို့လည်း သူက ပြောဆိုသွားပါတယ်။