ဂျပန်တွင်နေထိုင်သူမဟုတ်တဲ့ နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ယာယီရပ်ဆိုင်း

မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တားဆီးဖို့ကြိုးစားတဲ့အနေနဲ့ ဂျပန်အစိုးရဟာ နိုင်ငံတွင်းနေထိုင်သူမဟုတ်တဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

တနင်္လာနေ့မှာ စတင်အသက်ဝင်လာတဲ့အဲဒီဆောင်ရွက်ချက်ကို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကျင့်သုံးမှာဖြစ်ပါတယ်။ အဲဒီလို အလားတူကန့်သတ်ချက်ကို ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံက လာတဲ့ ခရီးသွားတွေအပေါ် ကျင့်သုံးနေခဲ့ပြီဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေနဲ့ နိုင်ငံခြားကို စီးပွားရေးကိစ္စနဲ့ ခရီးတိုသွားခဲ့ပြီးတဲ့နောက် ဂျပန်ကို ပြန်ဝင်လာတဲ့ နိုင်ငံခြားသားနေထိုင်သူတွေဟာ ၁၄ ရက်ကြာ ကိုယ်တိုင်သီးခြားခွဲနေရမယ်ဆိုတဲ့ ခြွင်းချက်ကနေ ကင်းလွတ်ခွင့်ကိုလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့ ကမ္ဘာပေါ်က ဘယ်နိုင်ငံကနေပဲဖြစ်ဖြစ် ဂျပန်ကိုပြန်လာတဲ့သူ ဒါမှမဟုတ် ဂျပန်ကို ဝင်လာတဲ့သူအားလုံးဟာ ဗိုင်းရပ်စ်မရှိဘူးဆိုတာ စစ်ဆေးပြီးကြောင်းအတည်ပြုလွှာကို တင်သွင်းဖို့ လိုအပ်ပါတယ်။ အဲဒီလိုခရီးသွားတွေဟာ မထွက်ခွာမီ ၇၂ နာရီအတွင်း စမ်းသပ်မှုလုပ်ဖို့လိုအပ်ပြီး ဂျပန်ကို ရောက်လာတဲ့ အခါမှာလည်း နောက်တစ်ကြိမ်စမ်းသပ်မှုခံယူဖို့ လိုအပ်ပါတယ်။
သတ်မှတ်ထားပြီးသား နိုင်ငံ ၁၀ နိုင်ငံနဲ့ ဒေသ ၁ ခု တို့နဲ့ ဂျပန်နိုင်ငံတို့အကြား စီးပွားရေးအရ သွားလာတာမျိုးကို ဆက်လက်ခွင့်ပြုမှာဖြစ်တယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။