အရှေ့တောင်အာရှနိုင်ငံတွေ COVID-19 ကာကွယ်ဆေး အတွက် ကြိုးပမ်း

အရှေ့တောင်အာရှနိုင်ငံတွေဟာ COVID-19 ကာကွယ်ဆေးတွေနဲ့ ကာကွယ်ဆေးဆိုင်ရာ ပစ္စည်းတွေ ဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။

စင်္ကာပူကျန်းမာရေးအာဏာပိုင်တွေက အမေရိကန်ဆေးဝါးကုမ္ပဏီကြီး Pfizer နဲ့ သူ့ရဲ့ မိတ်ဖက် ဂျာမဏီ ကုမ္ပဏီ BioNTech တို့က တီထွင်ထားတဲ့ ကာကွယ်ဆေးတွေ ရောက်ရှိလာပြီ ဖြစ်ပြီး နောက်လထဲမှာ ကာကွယ်ဆေး စတင် ထိုးပေးဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
လာမယ့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတွင်းနေ လူတိုင်းအတွက် ပြည်တွင်းမှာ တီထွင်ထားတဲ့ကာကွယ်ဆေးတွေ အပါအဝင် ကာကွယ်ဆေးပမာဏ အလုံအလောက်ရရှိဖို့နဲ့ လာမယ့် နှစ်ကုန် နောက်ဆုံးထားပြီး လူတိုင်း ကာကွယ်ဆေးထိုးရဖို့ မျှော်လင့်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံကတော့ တရုတ်ဆေးဝါးကုမ္ပဏီကနေ ဝယ်ယူထားတဲ့ ကာကွယ်ဆေးအလုံးရေ ၁၅၅ သန်းလောက်ကို အရေးပေါ် အသုံးပြုမှုတွေမှာ ခွင့်ပြုချက် ပေးသင့်မသင့် ချင့်ချိန်တွက်ဆ နေပါတယ်။
ထိုင်းနိုင်ငံက သူတို့နိုင်ငံလူဦးရေ တစ်ဝက်အတွက် ကာကွယ်ဆေး လုံလုံလောက်လောက် ဝယ်ယူဖို့ ဆေးဝါးကုမ္ပဏီတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ သူတို့နိုင်ငံတွင်းမှာလည်း ကာကွယ်ဆေး တီထွင်ထုတ်လုပ်နေပါတယ်။
ဒါပေမဲ့ အရှေ့တောင်အာရှ ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေကတော့ ကာကွယ်ဆေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဝယ်ယူမယ့် ကာကွယ်ဆေးပမာဏဟာ နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း အတွက်ပဲ လုံလောက်မှာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကတော့ လာမယ့်နှစ်ကုန်နောက်ဆုံးထားပြီး ဝယ်ယူမယ့် ကာကွယ်ဆေးက သူ့နိုင်ငံလိုအပ်မှုရဲ့ ၃ ရာခိုင်နှုန်းလောက်သာ တတ်နိုင်ပါလိမ့်မယ်။
အဲဒီနိုင်ငံတွေဟာ COVAX ဆိုတဲ့ အစီအစဉ်ကတစ်ဆင့် ကာကွယ်ဆေးတွေကို ဝယ်ယူဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဦးဆောင်တဲ့ အဲဒီ အစီအစဉ်ဟာ COVID-19 ကာကွယ်ဆေးကို စုပေါင်း ဝယ်ယူပြီး တစ်ကမ္ဘာလုံးကို မျှမျှတတ ဖြန့်ဝေပေးနိုင်ဖို့အတွက် လုပ်ဆောင်တဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ COVAX အစီအစဉ်ဟာ နိုင်ငံတစ်နိုင်ငံစီက လူဦးရေရဲ့ တချို့တစ်ဝက် အတွက်သာ ကာကွယ်ဆေးလုံလောက်နိုင်ပါတယ်။