ကမ္ဘာ့ပေါ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၈၀ ‌ကျော်ရှိ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူအရေအတွက်ဟာ သန်း ၈၀ကျော် ရှိလာပြီး၊ ကူးစက်မှု အရှိန်မြင့်နေဆဲဖြစ်ပါတယ်။

ကူးစက်မှုပိုပြင်းတယ်လို့ ယူဆရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုးဗီဇသစ်တွေလည်း များလာနေပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့က နယ်စပ်ဖြတ်ကျော်သွားလာမှု တွေ ပိတ်ပင်တားမြစ်တာကို ပိုမိုလုပ်ဆောင်နေပါတယ်။
အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ပြုစုထားတဲ့ ဒေတာကိန်းဂဏန်းတွေအရ၊ စနေနေ့က UTC စံတော်ချိန် ၁၈နာရီမှာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ခံရမှု အရေအတွက် သန်း၈၀ကျော်သွားပြီလို့ သိရပါတယ်။ သေဆုံးသူကတော့ ၁.၇ သန်း ရှိပြီဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက် ၁၀သန်းအထိ ရောက်ဖို့ ၁၆၆ ရက်ကြာခဲ့ပေမဲ့ ယခုကူးစက်ခံရသူ အရေအတွက် သန်း၇၀ ကနေ သန်း ၈၀ အထိ မြင့်တက်လာဖို့ အချိန် ၁၅ ရက်သာ ကြာခဲ့ ကြောင်း သိရပါတယ်။
ကူးစက်ခံရသူအများဆုံးနိုင်ငံက အမေရိကန်နိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တ ၃ ပတ်အတွင်း အမေရိကန်မှာ တစ်နေ့တာ ကူးစက်ခံရသူဦးရေဟာ ၂သိန်း ဝန်းကျင်မှာ ရှိနေပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတော့ တစ်နေ့တာ ကူးစက်ခံရသူဦးရေ အများဆုံးစံချိန်ဖြစ်တဲ့ ၂၄၉၀၀၀ ရှိခဲ့တယ်လို့ သိရပါတယ်။
ဗြိတိန်မှာ ကူးစက်မှု ပိုပြင်းတယ်လို့ ယူဆရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးဗီဇသစ် တွေ့ရှိခဲ့တဲ့ ယခုအချိန်မှာ တစ်နေ့တာကူးစက်မှုအရေအတွက် ၄၀၀၀၀ နီးပါး ရှိနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုးဗီဇသစ်ကို နိုင်ငံ ၁၇နိုင်ငံနဲ့ ဒေသ ၁ ခုမှာ တွေ့ရှိထားပါ တယ်။ နှစ်သစ်ကူးကာလအားလပ်ရက်တွေအတွင်း အဲဒီဗိုင်းရပ်စ်ပိုးတွေ ကူးစက် ဝင်ရောက်လာမှာကို တားဆီးဖို့အတွက် ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးက ပြည်ဝင်ခွင့် တင်းကျပ်ကန့်သတ်မှုတွေကို အပူတပြင်း လုပ်ဆောင် နေပါတယ်။