နိုင်ငံခြားခရီးသွားအားလုံးကို ဂျပန်က ပြည်ဝင်ခွင့်ပိတ်ထားဖို့ရှိ

ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇသစ်တွေကို ပြည်ပမှာတွေ့ရှိခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရဟာ အသစ်ထပ်မံရောက်ရှိလာမည့် နိုင်ငံခြားသား ခရီးသွားတွေ နိုင်ငံထဲဝင်ရောက်ခွင့်ကို ပိတ်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဂျပန်အစိုးရက ဒီဇင်ဘာ ၂၈ရက်နေ့ကနေ ဇန်နဝါရီ ၃၁ ရက်နေ့အထိ အဲဒီလို ပြည်ဝင်ခွင့်ပိတ်ထားမှာ ဖြစ်ပါတယ်။
ဂျပန်မှာ ကာလလတ်ကနေ ကာလရှည်နေထိုင်ခွင့်ရထားတဲ့ ကမ္ဘာ့ပေါ်ရှိ နိုင်ငံနဲ့ ဒေသအားလုံးက နိုင်ငံသားတွေကို အောက်တိုဘာလကစပြီး ဂျပန်နိုင်ငံထဲ ဝင်ရောက်ခွင့်ပေးထားခဲ့ပေမဲ့ တနင်္လာနေ့ကစပြီး ပြည်ဝင်ခွင့်ရပ်ဆိုင်းထားဖို့ ရှိပါတယ်။
သတ်မှတ်ထားတဲ့ နိုင်ငံနဲ့ ဒေသတချို့က စီးပွားရေးကိစ္စနဲ့ လာရောက်သူ တွေကိုတော့ ဆက်လက်ဝင်ထွက်ခွင့်ပြုထားမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။
ပြည်ပကို စီးပွားရေးကိစ္စနဲ့ ရက်တို ခရီးသွားရောက်ပြီး ဂျပန်ကို ပြန်လာတဲ့ ဂျပန်နိုင်ငံသားနဲ့ ဂျပန်မှာနေထိုင်ခွင့်ရထားတဲ့နိုင်ငံခြားသားတွေအနေနဲ့ ၁၄ရက်တာ သီးခြားခွဲနေထိုင်ရမှာကို ချွင်းချက်နဲ့ ကင်းလွတ်ခွင့်ပေးထားပေမဲ့၊ တနင်္လာနေ့ကစပြီး ဒီကင်းလွတ်ခွင့်ကို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။
ကန့်သတ်ချက်အသစ်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုးဗီဇသစ်တွေ့ရှိထားတဲ့ နိုင်ငံနဲ့ ဒေသတွေကနေ ပြန်လာတဲ့သူ ဒါမှမဟုတ် လာရောက်သူတွေ အနေနဲ့ ဂျပန်ကို ဝင်ရောက်တဲ့အခါမှာ ကိုဗစ်-၁၉ ကင်းစင်ကြောင်းအထောက်အထား စာရွက်စာတမ်းကို တင်ပြဖို့ လိုမှာ ဖြစ်ပါတယ်။ အဲဒီခရီးသွားတွေဟာ ဂျပန်ကို မလာခင် ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ကင်းစင်ကြောင်း စစ်ဆေးထားတဲ့ လက်မှတ်ကို ပြရမှာဖြစ်ပြီး၊ ဂျပန်ကို ဆိုက်ရောက်ချိန်မှာလည်း ကိုဗစ်-၁၉ ရောဂါပိုးကို စစ်ဆေးမှာဖြစ်ပါတယ်။
ကိုရိုနာ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇသစ်တွေ ဂျပန်နိုင်ငံထဲဝင်ရောက်လာမှာကို တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံတွေကနေ လာ‌ရောက်သူတွေကိုတော့ အလားတူစီမံချက်တွေအတိုင်း သတ်မှတ်လုပ်ဆောင်နေပြီး ဖြစ်ပါ တယ်။