၂၀၂၀ ခုနှစ်က လူသားတွေကို ပိုမိုနီးကပ်လာစေလို့ Elizabeth ဘုရင်မကြီးပြောဆို

ဗြိတိန်ရဲ့ Elizabeth ဘုရင်မကြီးက ခရစ်စမတ်နေ့နှုတ်ခွန်းဆက်စကားကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး ကုသပြုစုစောင့်‌ရှောက်ပေးရာမှာ လုပ်ကိုင်နေကြတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဆိုင်ရာပညာရှင်တွေကို ကျေးဇူးတင်တယ်လို့ ဖော်ပြထားပါတယ်။
ဘုရင်မကြီးဟာ သောကြာနေ့က နှစ်စဉ်ပြုလုပ်နေကြ နှုတ်ခွန်းဆက်မိန့်ခွန်းထဲမှာ ဒီနှစ်ထဲမှာ လူတွေ တစ်ယောက်နဲ့တစ်ယောက် အကြောင်းကြောင်းကြောင့် ဝေးကွာနေရတာတွေကို စိတ်ပိုင်းဆိုင်ရာအရ နီးနီးကပ်ကပ်ရှိလာအောင် ဖြစ်စေခဲ့တယ်လို့ ဆိုထားပါတယ်။
ဘုရင်မကြီး က ကိုယ့်ရဲ့လူမှုအဝန်းအဝိုင်းအတွင်းမှာ အကူအညီတွေ လိုအပ်နေတဲ့ သူတွေကို စေတနာ့ဝန်ထမ်းစိတ်ဓာတ်နဲ့ ကူညီခဲ့ကြတဲ့ သူတွေရဲ့ အဖြစ်အပျက်အကြောင်းချင်းရာတွေဟာ သူနဲ့ သူရဲ့တော်ဝင်မိသားစုဝင်တွေအတွက် ခွန်အားဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ သူတို့အတွက် ရှေ့တန်းကမားမားမတ်မတ်ရပ်ပြီး မျှော်လင့်ချက်အလင်းရောင်ပေးခဲ့တဲ့သူတွေကို ပြန်ဆပ်ရမယ့် ကျေးဇူးအကြွေးတင်ရှိနေတယ်လို့ Elizabeth ဘုရင်မကြီးက ပြောပါတယ်။
ကိုယ်ချစ်ခင်ရတဲ့သူတွေဆုံးရှုံးခဲ့ရလို့ ကြေကွဲဝမ်းနည်း ဖြစ်ရတဲ့သူတွေ ဒါမှမဟုတ် ဘေးကင်းလုံခြုံရေးအတွက် မတတ်သာလို့ ဝေးကွာနေကြရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ မိသားစုဝင်တွေအတွက် သူသတိတရနဲ့ ဆုတောင်းမေတ္တာပို့ပါတယ်လို့လည်း ဘုရင်မကြီးက ပြောပါသေးတယ်။
ဗြိတိန်နိုင်ငံမှာ လတ်တလောကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ တစ်နေ့ကို ၃၀၀၀၀ ကျော် ရှိပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာလည်း နိုင်ငံတွင်းမှာ ပျံ့နှံ့နေပါတယ်။