Shibuya မြို့နယ်က ကြီးမားတဲ့ ရုပ်မြင်သံကြားကြော်ငြာ ဖန်သားပြင်တွေ ဖွင့်တဲ့ အချိန်ကို လျှော့မည်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြီးဖြစ်ပွားနေချိန်မှာ လူတွေစုဝေးတာကို တားမြစ်ဖို့ အားထုတ်မှုတစ်ခုအနေနဲ့၊ တိုကျိုမြို့ Shibuya ဘူတာရုံအနီးက လူစည်ကားတဲ့ နာမည်ကျော် မီးပွိုင့်လမ်းဆုံကို အပေါ်စီးက မြင်နိုင်တဲ့ အဆောက်အအုံတွေပေါ်က ကြီးမားတဲ့ ရုပ်မြင်သံကြားကြော်ငြာဖန်သားပြင်တွေကို နှစ်သစ်ကူးအကြိုညမှာ ပုံမှန်ထက်စောပြီး ပိတ်သွားမှာဖြစ်ပါတယ်။

Shibuya ရဲ့ အဓိက လမ်းဆုံ နဲ့ ပတ်ဝန်းကျင်က ကြော်ငြာဖန်သားပြင် ၁၃ ခု ကို မနှစ်ကထက် ၂ နာရီစောပြီး၊ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီမှာ ပိတ်ပေးဖို့၊ ဒီ ကြော်ငြာလုပ်ငန်းကို စီမံဆောင်ရွက်နေသူတွေကို Shibuya မြို့နယ်ရုံးက တောင်းဆိုထားပါတယ်။
Shibuya မြို့နယ်က နာမည်ကြီး နတ်ကွန်းကြီးဖြစ်တဲ့ Meiji Jingu ဂိတ်ပေါက်တွေကိုလည်း ဒီဇင်ဘာ ၃၁ ရက် ညနေကနေ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းအထိ ပိတ်ထားမှာဖြစ်ပြီး၊ လူကျပ်တာကို ရှောင်ရှားနိုင်ရန် နတ်ကွန်းကို လာရောက်ကြမယ့်သူတွေ အချိန်လွှဲပြီး နောက်သီတင်းပတ်တွေမှာ လာရောက်ကြဖို့ ဆော်သြထားပါတယ်။