တောင်အာဖရိက နိုင်ငံက ဝင်ရောက်လာသူအတွက် ဂျပန်အစိုးရက စည်းမျဉ်းတွေ တင်းကျပ်

ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးကွဲအသစ်ကို တွေ့ရှိခဲ့တဲ့ တောင်အာဖရိက နိုင်ငံကလာတဲ့ ခရီးသွားတွေအတွက် ဂျပန်အစိုးရက စည်းမျဉ်းတွေကို တင်းကျပ်ခဲ့ပါတယ်။

တောင်အာဖရိက နိုင်ငံကလာသူတွေ ဂျပန်နိုင်ငံ ဝင်ရောက်တာကို ငြင်းပယ်တာ စနေနေ့က စတင်ခဲ့ပါတယ်။ ဂျပန် လူမျိုး နဲ့ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ရထားပြီးတဲ့ ဂျပန်လူမျိုး မဟုတ်သူတွေက တော့ ပြည်ဝင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကို ဂျပန်ကို ရောက်ရင် မိမိအစီအစဉ်နဲ့ ၁၄ ရက်ကြာ သီးခြားခွဲ နေထိုင်ဖို့ တောင်းဆိုထားပါတယ်။
အခုဆိုရင် တောင်အာဖရိက နိုင်ငံက ပြန်လာသူ ဂျပန်လူမျိုးတွေကိုတော့ တောင်အာဖရိက က မထွက်ခင် ၇၂ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရခြင်းမရှိဘူးဆိုတဲ့ သက်သေပြချက်ပေးဖို့ တောင်းဆိုထားပါတယ်။ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ရထားပြီးတဲ့ ဂျပန်လူမျိုး မဟုတ်သူတွေကိုလည်း အလားတူ တောင်းဆိုထားပြီးဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး နောက်မျိုးကွဲအသစ်ပျံ့နှံ့နေတဲ့ ဗြိတိန်နိုင်ငံကနေ လာရောက်သူတွေအတွက်လည်း အလားတူ ဆောင်ရွက်ချက်တွေ လုပ်နေပါတယ်။
ဗြိတိန်နိုင်ငံကနေ ပြန်လာသူ ၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုးကွဲအသစ် ကူးစက်ခံထားရကြောင်း ဂျပန်အစိုးရက သောကြာနေ့က အတည်ပြုထားပါတယ်။ သူတို့ဟာ ဂျပန်နိုင်ငံကို ဒီဇင်ဘာ ၁၈ ရက် နဲ့ ၂၁ ရက် အကြားမှာ ပြန်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။
အဲဒီ ၅ ဦးဟာ လေဆိပ်ရောက်ချိန် ကျန်းမာရေးစစ်တုန်းက ပိုးကူးစက်ခံထားရကိုတွေ့ရှိလို့ မိမိအစီအစဉ်နဲ့ ဟိုတယ်မှာ သီးခြားခွဲနေထိုင်ခဲ့ကြတာကြောင့် ဂျပန်နိုင်ငံအတွင်းမှာ သူတို့ကနေ ကူးစက်မှုမရှိခဲ့ဘူးလို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ယုံကြည်တယ်လို့ ပြောပါတယ်။