အမေရိကန်ဝက်သား တင်သွင်းမှု ကန့်သတ်ချက်တွေကို ထိုင်ဝမ် လျှော့ချမယ်

ထိုင်ဝမ်လွှတ်တော်ဟာ အမေရိကန်ဝက်သား တင်သွင်းမှု ကန့်သတ်ချက်တွေ ဖြေလျှော့ရေး လုပ်ဆောင်ချက်တွေကို အတည်ပြုလိုက်ပါတယ်။

အာဏာရ Democratic Progressive Party ရဲ့ ထောက်ခံမှုအများစုနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက်တွေကို ကြာသပတေးနေ့က အတည်ပြုလိုက်ပါတယ်။
အမေရိကန်က တင်သွင်းမယ့် ဝက်သားတွေမှာ အသားတိုးဆေးတွေ ကျွေးတဲ့ ပမာဏဟာ ဘေးကင်းစိတ်ချရမှု စံသတ်မှတ်ချက်ထက် ပိုနည်းတယ်ဆိုရင် ထိုင်ဝမ်အစိုးရဟာ ဇန်နဝါရီလ ၁ရက်နေ့ကစပြီး အမေရိကန်ဝက်သားတွေကို တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။
အခုလက်ရှိမှာ ထိုင်ဝမ်အစိုးရဟာ အမေရိကန်က အသားတိုးဆေးကျွေးထားတဲ့ ဝက်တွေရဲ့ အသားတွေ တင်သွင်းတာကို ပိတ်ပင်ထားပါတယ်။
အဲဒီဖြေလျှော့ချက်နဲ့ပတ်သက်ပြီး ထိုင်ဝမ်သမ္မတ Tsai Ing-wen ဟာ ပြည်သူတွေရဲ့ နားလည်မှုကို ရယူဖို့ ကြိုးစားနေပြီး ဒါဟာ ထိုင်ဝမ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးသဘောတူညီမှုတစ်ခုကို အပြီးသတ်လုပ်ဆောင်ဖို့အတွက် အရေးကြီးတယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ စစ်တမ်းကောက်ယူချက်တွေအရ ဖြေဆိုသူတွေရဲ့ ၆၀ရာခိုင်နှုန်းကျော်ဟာ အဲဒီကန့်သတ်ချက်တွေ ဖြေလျှော့တာကို ဆန့်ကျင်ကြပါတယ်။
အတိုက်အခံ Nationalist Party နဲ့ စားသုံးသူ အဖွဲ့အစည်းတွေ ကတော့ ဖြေလျှော့ချက်တွေအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့လက အကြီးအကျယ် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဖြေလျှော့ချက်တွေဟာ အစားအစာ ဘေးကင်းစိတ်ချရမှုကို ခြိမ်းခြောက်ရာရောက်လိမ့်မယ်လို့ သူတို့က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့်နှစ် ဩဂုတ်လမှာ ဆန္ဒခံယူပွဲပြုလုပ်ဖို့ Nationalist Party က တောင်းဆိုနေ ပါတယ်။