တောင်ကိုရီးယားတရားရုံးက စုံစမ်းစစ်ဆေးရေးမှူးချုပ်ကို မူလရာထူး ပြန်ခန့်ရန် ဆုံးဖြတ်

တောင်ကိုရီးယားတရားရုံးတစ်ရုံးက နိုင်ငံရဲ့ ထိပ်တန်းစုံစမ်းစစ်ဆေးရေးအရာရှိချုပ်ကို ရာထူးတာဝန်ကနေ ယာယီဖယ်ရှားချက်ကို ပယ်ဖျက်လိုက်ပြီး ပြန်လည်ခန့်ထားရေးကို အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးချုပ် Yoon Seok-youl ဟာ သမ္မတ Moon Jae-in အစိုးရပါဝင်ဆက်နွယ်မှုရှိတဲ့ အကျင့်ပျက်လာဘ်စားမှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဦးဆောင်ခဲ့ပါတယ်။ မစ္စတာ Yoon ဟာ တရားရေးဝန်ကြီး Choo Mi-ae နဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်နေခဲ့ပါတယ်။ တရားရေးဝန်ကြီး Choo ကို စုံစမ်းစစ်ဆေးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် သမ္မတက ခန့်ထားတာဖြစ်ပါတယ်။
တရားရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် သမ္မတ Moon ဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က မစ္စတာ Yoon ကို ရာထူးကနေ ၂ လတာ တရားဝင် ရပ်ဆိုင်းခဲ့ပါတယ်။
မစ္စတာ Yoon ဟာ ဆိုးလ်မြို့မှာရှိတဲ့ အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးတစ်ရုံးမှာ အဲဒီလုပ်ရပ်ဟာ စုံစမ်းစစ်ဆေးရေး အရာရှိတွေရဲ့ နိုင်ငံရေးအရ သီးခြားလွတ်လပ်မှုနဲ့ ဘက်မလိုက်မှုကို ထိပါးစေတယ်လို့ ဆိုပြီး အဲဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။
ကြာသပတေးနေ့အစောပိုင်းမှာ ကြားနာမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် အဲဒီတရားရုံးရဲ့ ဆုံးဖြတ်ချက် ကျလာခဲ့တာဖြစ်ပါတယ်။ ရာထူးကနေ ယာယီဆိုင်းငံ့ထားမှုဟာ ပြန်လည်ပြင်ဆင်လို့မရအောင် ထိခိုက်မှုကို ဖြစ်စေတယ်ဆိုတဲ့ မစ္စတာ Yoon ရဲ့ လျှောက်ထားချက်ကို တရားရုံးက လက်ခံခဲ့ပြီး အရေးတကြီး ပြင်ဆင်ရမယ်ဆိုပြီး အသိအမှတ်ပြုခဲ့ပါတယ်။