ဗြိတိန်နှင့် အီးယူတို့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိ

အီးယူကနေ ဗြိတိန်နုတ်ထွက်ပြီးကာလအတွက် ကုန်သွယ်ရေးဆိုင်ရာစေ့စပ်ညှိနှိုင်းမှုတွေမှာ သဘောတူညီချက်ရရှိလိုက်ပြီလို့ ဗြိတိန်နဲ့ အီးယူခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen တို့ဟာ ကြာသပတေးနေ့က သီးခြားစီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို သဘောတူခဲ့တာကို ကြေညာခဲ့ပါတယ်။
မစ္စတာ Johnson က နှစ်ဖက်စလုံးဟာ အခုအချိန်ကာလအထိ အကြီးဆုံးသော ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိအောင် အဆုံးသတ်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးပြည့်စုံတဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ဟာ နိုင်ငံတွေကြားက အလုပ်အကိုင် နေရာတွေကို အကာအကွယ်ပေးလိမ့်မယ်ဆိုတာနဲ့ အီးယူစျေးကွက်မှာ ဗြိတိန်ကကုန်ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေဟာ ကုန်သွယ်ခွန်ပေးစရာမလိုဘဲ ရောင်းချနိုင်မှာဖြစ်တယ်လို့ လည်း သူက ပြောဆိုပါတယ်။
မီးစ် Von der Leyen ကလည်း စေ့စပ်ညှိနှိုင်းမှုကို ရှည်လျားပြီး ကြမ်းတမ်းလှတဲ့ခရီးလမ်းလို့ ဆိုလိုက်ပြီး နှစ်ဖက်စလုံး ဟာ အဲဒီအတွက် ကောင်းမြတ်လှတဲ့ သဘောတူညီချက်ကို ရရှိလိုက်ပြီလို့ ဆိုပါတယ်။ အဲဒီသဘောတူညီချက်ဟာ မျှတပြီး ဟန်ချက်ညီတယ် လို့ သူက ပြောဆိုခဲ့ပါတယ်။
နှစ်ကုန်တဲ့ရက်မှာ နောက်ဆုံးအပြီးသတ်ရရှိရမယ့် သတ်မှတ်ချက် မတိုင်မီ ၇ ရက်အလိုမှာ အဲဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ကြောင့် လာမယ့်နှစ်ဆန်းတစ်ရက်နေ့ကစပြီး ဗြိတိန်နဲ့ အီးယူတို့အကြား ကုန်သွယ်ရေးမှာ ထွက်ကုန်တွေအပေါ် ကုန်သွယ်ခွန်ကောက်ခံမှုတွေကနေ ရှောင်ရှားနိုင်လိုက်ပြီ ဖြစ်ပါတယ်။