စုံစမ်းစစ်ဆေးရေးအရာရှိတွေက စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဟောင်းရဲ့ ရုံးခန်းတွေကို ရှာဖွေစစ်ဆေး

စိုက်ပျိုးမွေးမြူရေးဝန်ကြီးဟောင်း Yoshikawa Takamori ဟာ သူတာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ကုမ္ပဏီ အမှုဆောင်ဟောင်းတစ်ဦးဆီကနေ တံစိုးလက်ဆောင် ရယူခဲ့တယ်ဆိုတဲ့ သံသယနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရုံးခန်းတွေကို တိုကျို စုံစမ်းစစ်ဆေးရေးအရာရှိတွေက ရှာဖွေစစ်ဆေးခဲ့ကြပါတယ်။

စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ မစ္စတာ Yoshikawa ရဲ့ အောက်လွှတ်တော်ရုံးအဆောက်အအုံမှာ ရှိတဲ့ ရုံးခန်းနဲ့ Sapporo မြို့မှာရှိတဲ့ သူ့ရဲ့ ဒေသန္တရရုံးခန်းအပါအဝင် နေရာတွေကို သောကြာနေ့က ရှာဖွေစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
လစ်ဘရယ်ဒီမိုကရက်တစ် ပါတီဝင် မစ္စတာ Yoshikawa ဟာ Hiroshima ခရိုင် အခြေစိုက် ကြက်ဥ လုပ်ငန်း Akita Foods ကုမ္ပဏီ အကြီးအကဲဟောင်းဆီကနေ စုစုပေါင်း ငွေသား အမေရိကန်ဒေါ်လာ ၄၈,၀၀၀ လောက်ကို လက်ခံရယူခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
မစ္စတာ Yoshikawa ဟာ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးရာထူးနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
တိုကျို စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ မစ္စတာ Yoshikawa နဲ့ Akita Foods ကုမ္ပဏီအကြီးအကဲဟောင်းတို့ကို မိမိဆန္ဒအလျောက် ဖြေကြားတဲ့ ပုံစံနဲ့ မေးမြန်းနေပါတယ်။
အဲဒီကုမ္ပဏီအကြီးအကဲဟောင်းဟာ ဂျပန်ရဲ့ ကြက်၊ ငှက် မွေးမြူရေးအသင်းမှာ အကြံပေးအဖြစ် လုပ်ခဲ့ပြီး ဒီလုပ်ငန်းနယ်ပယ်က ကိစ္စရပ်တွေနဲ့ပတ်သက်လို့ လွှတ်တော်အမတ်တွေနဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနကို စည်းရုံးခဲ့ပါတယ်။
အဲဒီအကြီးအကဲဟောင်းက ဒီငွေတွေကို ပေးတာဟာ တရားမဝင်တာကို သူ့အနေနဲ့ သတိထားမိကြောင်း၊ ဒါပေမဲ့ ဒီလုပ်ငန်းနယ်ပယ်အတွက် လုပ်ခဲ့တာလို့ သူနဲ့ နီးစပ်သူတွေကို ပြောကြားခဲ့ကြောင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မစ္စတာ Yoshikawa ကလည်း ဒီငွေတွေကို သူ လက်ခံခဲ့တယ်ဆိုတာကို သူနဲ့ နီးစပ်သူတွေကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။