ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးဦးစားပေး ထိုးပေးမှု အစီအစဉ် ဆုံးဖြတ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဦးစားပေးထိုးပေးဖို့အတွက် ကြိုတင်သတ်မှတ်ချက်စာရင်းကို ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဝန်ကြီးဌာနက ဖေဖော်ဝါရီလနှောင်းပိုင်းလောက်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ကာကွယ်ဆေး စတင်ထိုးပေးပြီး၊ မတ်လအနှောင်းပိုင်းလောက်မှာ အသက်အရွယ်ကြီးသူတွေနဲ့ အဲဒီနောက် ရောဂါအခံရှိသူတွေကို စတင် ထိုးပေးဖို့ စီစဉ်ထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေက တင်ပြခဲ့တဲ့ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ကျွမ်းကျင်ပညာရှင်များ အဖွဲ့တစ်ဖွဲ့က သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။
အဲဒီအစီအစဉ်ထဲမှာ ဆေးရုံတက်နေရတဲ့သူတွေ ဒါမှမဟုတ် ကင်ဆာ၊ နာတာရှည်နှလုံးရောဂါနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ၊ ကျောက်ကပ်ရောဂါနဲ့ ဆီးချိုရောဂါတွေ အပါအဝင် ရောဂါအခံရှိသူတွေ ဆရာဝန်ဆီ ပုံမှန်ပြနေရသူတွေကို ဦးစားပေးထိုးပေးမှာ ဖြစ်ပါတယ်။
အဲဒီရောဂါအခံရှိတဲ့အခြေအနေတွေထဲမှာ ကိုယ်ခံစွမ်းအား ထိခိုက်မှုကြောင့် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ၊ ခရိုမိုဆုမ်း လို့ခေါ်တဲ့ ဗီဇသယ်ဆောင်တဲ့အမျှင်တွေ မူမမှန်တာတွေ၊ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတာတွေနဲ့ အိပ်ပျော်နေချိန်မှာအသက်ရှူ ရပ်တန့်တာတွေလည်း ပါဝင်ပါတယ်။
BMI အညွှန်းကိန်း ၃၀ အထက်ရှိသူတွေကိုလည်း ဦးစားပေးထိုးပေးမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ ထိရောက်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေ မရှိတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ဦစားပေးထိုးပေးမှာ မဟုတ်ပါဘူး။
ရောဂါအခံရှိသူ ဦးရေ ၈.၂ သန်းလောက်ဟာ အဲဒီလို ဦးစားပေး ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်မှာ အကျုံးဝင်မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။