ဂျပန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဟောင်းက ငွေကြေးလက်ခံရယူခဲ့ကြောင်း ဝန်ခံ

ဂျပန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဟောင်း Yoshikawa Takamori ဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ကုမ္ပဏီအမှုဆောင်ဟောင်း တစ်ဦးဆီကနေ ငွေကြေးလက်ခံရယူခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ သူဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလ အထိ ဒီရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက မစ္စတာ Yoshikawa ဟာ Hiroshima ခရိုင် Fukuyama မြို့မှာ ရှိတဲ့ ဥစားကြက်မွေးမြူရေး လုပ်ငန်းကြီးတစ်ခုရဲ့ အကြီးအကဲဟောင်းဆီကနေ စုစုပေါင်းငွေသား အမေရိကန်ဒေါ်လာ ၄၈,၀၀၀ လောက် လက်ခံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။
အဲဒီလုပ်ငန်းရှင်အကြီးအကဲဟောင်းဟာ မွေးမြူရေးသတ္တဝါ ပျိုးထောင်မှု နိုင်ငံတကာစံနှုန်းမီစေရေးနဲ့ တခြားကိစ္စတွေနဲ့ ပတ်သက်ပြီး လွှတ်တော် အမတ်တွေနဲ့ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနကို စည်းရုံးမဲဆွယ်ခဲ့ပါတယ်။ သူဟာ မစ္စတာ Yoshikawa နဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။
တိုကျိုစုံစမ်းစစ်ဆေးရေးအရာရှိတွေက အဲဒီလုပ်ငန်းရှင်အကြီးအကဲဟောင်း၊ ဝန်ကြီးဌာနက အရာရှိတွေအပြင် မစ္စတာ Yoshikawa ကိုပါမိမိဆန္ဒအလျောက် ဖြေကြားတဲ့ ပုံစံနဲ့ မေးမြန်းခဲ့ပါတယ်။
အဲဒီလုပ်ငန်းရှင်အကြီးအကဲဟောင်းဆီကနေ ငွေကြေးလက်ခံခဲ့တယ် ဆိုတာကို မစ္စတာ Yoshikawa က အခုလ စောစောပိုင်းမှာ ဝန်ခံခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက NHK ကို ပြောပါတယ်။ မစ္စတာ Yoshikawa က စုံစမ်းစစ်ဆေးရေးအရာရှိတွေက သူ့ကို တောင်းဆိုလာမယ် ဆိုရင် သူ့အနေနဲ့ အချက်အလက်အားလုံးကို ပေးအပ်သွားမယ်လို့ နီးစပ်သူတွေကို ပြောကြားခဲ့ကြောင်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ မစ္စတာ Yoshikawa ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အောက်လွှတ်တော် အမတ်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။