ဗြိတိန်ကနေ ပြင်သစ်ကို ကုန်စည် စီးဆင်းမှု ပြန်လည်စတင်

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ် ကူးစက်ပြန့်ပွားမှုကြောင့် ပြင်သစ်နိုင်ငံအကြား ရပ်တန့်ခဲ့တဲ့ ကုန်ပစ္စည်း စီးဆင်းမှုတွေ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေမှာ ကူးစက်မှုမရှိကြောင်း ရလဒ်ရှိမယ်ဆိုရင် ဗြိတိန်က ထရပ်ကားမောင်းသူတွေကို ဗုဒ္ဓဟူးနေ့က စပြီး ပြည်ဝင်ခွင့်ပြုမယ်လို့ ပြင်သစ်အစိုးရက ကြေညာခဲ့ပါတယ်။
နှစ်နိုင်ငံဟာ ဒိုဗာ ရေလက်ကြား အောက်ကနေဖောက်ထားတဲ့ လှိုဏ်ခေါင်းနဲ့ ဆက်သွယ်ထားပြီး လွန်းပျံသင်္ဘောတွေ အများအပြားလည်း ပြေးဆွဲနေပါတယ်။
ပိတ်ပင်မှု လျှော့ချဖို့ ပြင်သစ်ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ဗြိတိန်အစိုးရဟာ သောင်တင်နေတဲ့ ထရပ်ကားမောင်းသူတွေကို ဗိုင်းရပ်စ် စစ်ဆေးရေးလုပ်ဆောင်ဖို့ စစ်တပ်ကို စေလွှတ်လိုက်ပါတယ်။
အခုလို ကုန်စည်စီးဆင်းမှု အလျဉ်ပြတ်မှုကြောင့် ဗြိတိန်မှာ တခြားဥရောပနိုင်ငံတွေက ကုန်ပစ္စည်းဖြည့်တင်းမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေပါတယ်။