ပဋိပစ္စည်းနဲ့ ကုသမှုရဲ့ လက်တွေ့စမ်းသပ်မှုတွေ ဂျပန် စတင်

COVID-19 ရောဂါကနေ နာလန်ထူလာသူတွေရဲ့ ကိုယ်ခန္ဓာထဲက ပဋိပစ္စည်းတွေကို အသုံးပြုထားတဲ့ ကုသဆေးတစ်မျိုးရဲ့ လက်တွေ့စမ်းသပ်မှုတွေကို ဂျပန်က သုတေသနဌာနတွေမှာ စတင်လိုက်ပါတယ်။

ဒါဟာ နိုင်ငံတကာ အစီအစဉ်တစ်ခုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အမေရိကန်ပြည်ထောင်စု ဓာတ်မတည့်မှုနဲ့ ကူးစက်ရောဂါများဆိုင်ရာဌာနက ရန်ပုံငွေ စိုက်ထုတ်ထားတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာ အမျိုးသားစင်တာနဲ့ Fujita ကျန်းမာရေး တက္ကသိုလ်တို့က စစ်ဆေးမှုကို ပူးတွဲ စတင်လိုက်ပါတယ်။
အဲဒီ အမျိုးသားစင်တာက "hyperimmune intravenous immunoglobulin" လို့အမည်ရတဲ့ ဆေးကို ဆေးရုံတင်ဖို့လိုတဲ့ လူနာ ၁၀ ဦးကို ထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလူနာတွေရဲ့ အခြေအနေကို တစ်လလောက် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ပါဝင်လုပ်ဆောင်တဲ့ နိုင်ငံတွေက အချက်အလက်ဒေတာတွေကို အခြေခံပြီး ဒီဆေးရဲ့ ထိရောက်မှုကို စိစစ်လေ့လာမှာဖြစ်ပါတယ်။
ဒါ့အပြင် ဂျပန့်အမျိုးသားစင်တာဟာ COVID-19 ရောဂါကနေ နာလန်ထူလာသူတွေရဲ့ သွေးရည်ကြည်တွေကို သုံးစွဲမှုဆိုင်ရာ လက်တွေ့စစ်ဆေးမှု သုတေသနတစ်ခုကိုလည်း လုပ်ဆောင်နေပါတယ်။ ပဋိပစ္စည်းတွေ ပါဝင်တဲ့ သွေးရည်ကြည်တွေကို လူနာတွေကို သွင်းပေးနေပါတယ်။
လောလောဆယ်ရှိတဲ့ COVID-19 ကုသမှုနည်းလမ်း အနည်းငယ်ပဲ ရှိတဲ့ကြားမှာ ဒီ ကုထုံးက ထိရောက်ပြီး ဘေးကင်းတယ်ဆိုတာကို သက်သေပြနိုင်ဖို့ မျှော်လင့်ကြောင်း ဒီစင်တာက ဆိုပါတယ်။