ပြန်လည်အသုံးပြုနိုင်ရေး ရည်ရွယ်ပြီး ဒုံးပျံယာဉ်အသစ်ကို တရုတ် လွှတ်တင်

ပြန်လည်အသုံးပြုနိုင်တဲ့ အာကာသယာဉ်တွေကို တီထွင်ထုတ်လုပ်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သယ်ဆောင်ရေးဒုံးပျံယာဉ်တစ်စင်းကို လွှတ်တင်ခဲ့ကြောင်း တရုတ်က ဆိုပါတယ်။

Long March-8 သယ်ဆောင်ရေးဒုံးပျံယာဉ်ကို အင်္ဂါနေ့က နိုင်ငံရဲ့ တောင်ဘက်ပိုင်း Hainan ကျွန်းက လွှတ်တင်ရေးစခန်းကနေ ပထမဆုံးအကြိမ် ပစ်လွှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံ အာကာသစီမံခန့်ခွဲရေးဌာနက ကြေညာခဲ့ပါတယ်။
မီတာ ၅၀ကျော်လောက် ရှည်လျားတဲ့ အဲဒီ ဒုံးပျံယာဉ်မှာ အတိုင်းအတာ တစ်ခုထိ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု နည်းတဲ့ လောင်စာရည်ကိုအသုံးပြုထားပါတယ်။
အဲဒီဒုံးပျံယာဉ်ဟာ အလေးချိန် အနည်းဆုံး ၄.၅တန်ရှိတဲ့ဝန်ကို အမြင့်ကီလိုမီတာ ၇၀၀အထိ သယ်ယူနိုင်တယ်လို့ ဆိုကြပါတယ်။
အမေရိကန် အာကာသယာဉ် စွန့်ဦးတီထွင် ကုမ္ပဏီ SpaceX က ထုတ်လုပ်တဲ့ ဒုံးပျံတွေလိုမျိုး တရုတ်ဟာလည်း ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံတွေကို တီထွင်ထုတ်လုပ်ဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ်။
တရုတ်ဟာ ၂၀၃၀ပြည့်နှစ်မတိုင်မီ အာကာသဆိုင်ရာ အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် အာကာသယာဉ် တီထွင်ထုတ်လုပ်ရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်လုပ်ဆောင်နေပါတယ်။