ရေဒီယိုသတ္တိကြွအမှိုက်တွေရှင်းလင်းဖို့ TEPCO ကုမ္ပဏီ ရက်ရွှေ့ဆိုင်းမယ်

ထိခိုက်ပျက်စီးသွားခဲ့တဲ့ Fukushima အမှတ်တစ် နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီဟာ ဓာတ်ပေါင်းဖို အတွင်းကနေ ရေဒီယိုသတ္တိကြွအမှိုက်တွေ ဖယ်ရှားတာကို ရက်ရွှေ့ဆိုင်းဖို့ စီစဉ်နေကြောင်း NHK က သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကြိုတင်ပြင်ဆင်တဲ့ စမ်းသပ်မှုတွေမှာ အနှောင့်အယှက်ဖြစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

တိုကျို လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) ဟာ သြဂုတ်လမှာ ဗြိတိန်မှာ စက်ရုပ်လက်တံအတွက် စမ်းသပ်မှုတွေကို ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ကပ်ရောဂါကြောင့် ဒီအစီအစဉ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။ အဲဒီစက်ရုပ်လက်တံ ဂျပန်ကို ပို့ဖို့အတွက် ခက်ခဲနိုင်ဖွယ် ရှိပါတယ်။
စီစဉ်ထားတဲ့အတိုင်း ၂၀၂၁ခုနှစ်မှာ ဒီလုပ်ငန်းကို စတင်ဖို့ ဖြစ်နိုင်ဖွယ်မရှိဘူးလို့ TEPCO က ဆုံးဖြတ်ထားကြောင်း သတင်းရပ်ကွက်တွေက ဆိုပါတယ်။
ဒီကုမ္ပဏီဟာ အခုအခါ ဂျပန်ပြည်တွင်းမှာ စမ်းသပ်မှုတွေ ပြုလုပ်ဖို့အတွက် စီစဉ်နေပါတယ်။
၂၀၁၁ခုနှစ် ငလျင်နဲ့ ဆူနာမီကြောင့် ဒီစက်ရုံက ဓာတ်ပေါင်းဖို ၃ခုမှာ နျူကလီးယား အရည်ပျော်မှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပေါင်းဖိုတွေအတွင်း ရေဒီယိုသတ္တိကြွမှု အဆင့်တွေ အလွန်မြင့်မားတာကြောင့် နံပါတ် ၁၊ ၂ နဲ့ ၃ ဓာတ်ပေါင်းဖိုတွေထဲက အမှိုက်တွေကို ဖယ်ရှားတဲ့အလုပ်ဟာ ဒီစက်ရုံကို ဖျက်သိမ်းတဲ့ လုပ်ငန်းစဉ်တွေထဲမှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
စက်ရုပ် နဲ့ တခြား လေ့လာဆန်းစစ်မှုတွေက နံပါတ် (၂) ဓာတ်ပေါင်းဖိုအတွင်းက အတိကျဆုံးပုံ တွေ နဲ့ အချက်အလက်တွေကို ပေးခဲ့တာကြောင့် TEPCO နဲ့ ဂျပန်အစိုးရဟာ ၂၀၂၁ ခုနှစ်မှာ အဲဒီအမှတ်၂ ဓာတ်ပေါင်းဖိုမှာ ရှင်းလင်းမှုတွေကို စတင်ဖို့ စီစဉ်ထားခဲ့ပါတယ်။