ဂျပန် အစိုးရ ဗြိတိန်နိုင်ငံက ပြည်ဝင်ခွင့်တွေအပေါ် ကန့်သတ်မှု တင်းကျပ်ဖို့ရှိ

ဗြိတိန်မှာ ကူးစက်မှုနှုန်း မြင့်မားတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတာကြောင့် ဗြိတိန်နိုင်ငံက ခရီးသည်တွေရဲ့ ပြည်ဝင်ခွင့်ကို တင်းကျပ်သွားမယ်လို့ ဂျပန်အစိုးရက ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတချို့ဟာ ဗြိတိန်က ခရီးသည်တင် လေယာဉ်တွေကို တားမြစ်ထားပြီး ဖြစ်ပါတယ်။
ဂျပန်အစိုးရရဲ့ အဆင့်မြှင့်ထားတဲ့ တင်းကျပ်မှု တွေဟာ ကြာသပတေးနေ့ကစပြီး အသက်ဝင်မှာ ဖြစ်တယ်လို့ အစိုးရအဖွဲ့အတွင်းဝန်ချုပ် Kato Katsunobu က ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အချိန်အတိုင်းအတာတစ်ခုအထိ ဂျပန်ဟာ ဗြိတိန်က ခရီးသည်တွေရဲ့ ပြည်ဝင်ခွင့်အသစ်တွေကို ငြင်းဆိုသွားမှာ ဖြစ်တယ်လို့ မစ္စတာ Kato က ပြောခဲ့ပါတယ်။
ရက်ပေါင်း ၇ ရက်အထိ ဗြိတိန်ကို စီးပွားရေးအရ ကာလတို ခရီးသွားထားတဲ့ ဂျပန်နိုင်ငံသား နဲ့ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့် ရရှိထားတဲ့ နိုင်ငံခြားသားတွေကို ဂျပန်ပြည်တွင်း ပြန်ဝင်တဲ့ အခါ၁၄ရက်ကြာ သီးခြားခွဲနေထိုင်ဖို့ ပြန်လည်တောင်းဆို သွားမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၇ရက်နေ့ ကစပြီး ဗြိတိန်က ပြန်လာတဲ့ ဂျပန် နိုင်ငံသားတွေကို ဗြိတိန်က မထွက်ခွာခင် ၇၂နာရီအတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရမှု ရှိ၊မရှိ ဆေးစစ်ထားတဲ့ သက်သေ တင်ပြဖို့ တောင်းဆိုသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ Kato က ပြောခဲ့ပါတယ်။
မစ္စတာ Kato က ဂျပန်အစိုးရဟာ ပြည်သူတွေရဲ့ ကျန်းမာရေး နဲ့ လူမှုဘဝတွေကို ဆက်လက်ကာကွယ်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လူတိုင်းလူတိုင်းအတွက် ဘေးကင်းလုံခြုံတဲ့ နှစ်သစ်ဖြစ်စေဖို့ အာမခံနိုင်ရေးဟာ အစိုးရရဲ့ ထိပ်တန်း ဦးစားပေးဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။