ဂျပန့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဟောင်း လွှတ်တော်အမတ် အဖြစ်က နုတ်ထွက်

ဂျပန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဟောင်း Yoshikawa Takamori ဟာ အောက်လွှတ်တော်အမတ် အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

သူဟာ လုပ်ငန်းရှင်တစ်ဦးဆီကနေ ငွေကြေး လက်ခံရယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့ကြားမှာ အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က မစ္စတာ Yoshikawa ဟာ နုတ်ထွက်စာကို အောက်လွှတ်တော် ဥက္ကဋ္ဌ Oshima Tadamori ဆီ အင်္ဂါနေ့မနက်က တင်သွင်းခဲ့ပါတယ်။ မစ္စတာ Oshima က ဥပဒေအရ သတ်မှတ်ထားတဲ့ လွှတ်တော်အစည်းအဝေးတွေ မကျင်းပတဲ့အချိန် လုပ်ထုံးလုပ်နည်းနဲ့အညီ အဲဒီနုတ်ထွက်စာကို လက်ခံခဲ့ပါတယ်။
တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စတာ Yoshikawa က သူနုတ်ထွက်မယ့်အကြောင်း ရေးသားခဲ့ပါတယ်။ သူဟာ နှလုံးရောဂါ ကြောင့် ဆေးရုံမှာ ကုသမှု ခံယူနေရပြီး ခွဲစိတ်ကုသရမယ့် အစီအစဉ်လည်း ရှိတယ်လို့ ဆိုပါတယ်။
အသက် ၇၀ အရွယ်မစ္စတာ Yoshikawa ဟာ ၁၉၉၆ ခုနှစ်မှာ ပထမဆုံး အကြိမ် အရွေးခံရပြီးကတည်းက အောက်လွှတ်တော်အမတ် သက်တမ်း ၆ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၁၈ခုနှစ် အောက်တိုဘာလမှာ စိုက်ပျိုးရေးဝန်ကြီးအဖြစ် အစိုးရအဖွဲ့မှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ အထိ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။
မစ္စတာ Yoshikawa ဟာ လတ်တလောမှာ အရှုပ်တော်ပုံနဲ့ ကြုံတွေ့နေပါတယ်။ ဂျပန်အနောက်ပိုင်း Hiroshima ခရိုင်၊ Fukuyama မြို့ အခြေစိုက် ကြက်ဥ ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုရဲ့ အကြီးအကဲဟောင်းက သူဟာ မစ္စတာ Yoshikawa ကို စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၈,၀၀၀ ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
မစ္စတာ Yoshikawa က ဒီဇင်ဘာလ ၂ ရက်နေ့မှာ LDP ပါတီရဲ့ ရာထူးတွေကနေ နုတ်ထွက်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဆွေးနွေးမှုတွေ ဒါမှမဟုတ် ပါတီစီမံခန့်ခွဲမှုတွေမှာ သူ့အတွက်ကြောင့် ဒုက္ခမရောက်စေလိုဘူးလို့ မစ္စတာ Yoshikawa က ပြောကြားခဲ့ပါတယ်။