Pfizer နဲ့ BioNTech တို့ရဲ့ Covid-19 ကာကွယ်ဆေးကို EU အတည်ပြု

အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer နဲ့ သူ့ရဲ့ မိတ်ဖက် ဂျာမန်ကုမ္ပဏီ BioNTech တို့က တီထွင်ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အသုံးပြုဖို့ ဥရောပသမဂ္ဂ (EU) က အတည်ပြုလိုက်ပါတယ်။

ဒါဟာ EU အဖွဲ့ဝင်နိုင်ငံတွေမှာ ပထမဆုံး ခွင့်ပြုလိုက်တဲ့ COVID-19 ကာကွယ်ဆေး ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကို ဗြိတိန်နဲ့ အမေရိကမှာတော့ သုံးစွဲနေပြီ ဖြစ်ပါတယ်။ ဥရောပကော်မရှင် အရာရှိတွေက လာမယ့်သီတင်းပတ် တနင်္ဂနွေကနေ အင်္ဂါနေ့အထိအတွင်း EU နိုင်ငံတွေအားလုံးမှာ ကာကွယ်ဆေးထိုးတာတွေ စတင်မယ်လို့ ပြောပါတယ်။
"ဒီနေ့ အတည်ပြုလိုက်တဲ့ ကာကွယ်ဆေးတွေကို ဥရောပနိုင်ငံအားလုံး တစ်ပြေးညီသတ်မှတ်ချက်တွေနဲ့ တစ်ပြိုင်နက်တည်း ရရှိမှာ ဖြစ်တယ်" လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ပြောပါတယ်။
EU ရဲ့ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ဖြစ်တဲ့ ဥရောပ ဆေးဝါး အေဂျင်စီ (EMA) က တနင်္လာနေ့ အစောပိုင်းမှာ ဈေးကွက်တွင်း ခြွင်းချက်နဲ့ ဖြန့်ချိ ရောင်းချခွင့်ကို ထုတ်ပေးခဲ့ပြီး ဒီကာကွယ်ဆေးဟာ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများတယ်လို့ ပြောပါတယ်။ ဥရောပကော်မရှင်ရဲ့ နောက်ဆုံး အတည်ပြုချက် ရပြီးနောက် အခုလို အလျင်အမြန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။