နိုင်ငံရေးရန်ပုံငွေ အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း Abe ကို စစ်ဆေးမေးမြန်းခဲ့ပုံရ

ဝန်ကြီးချုပ်ဟောင်း Abe Shinzo ကို ထောက်ခံအားပေးရေးအဖွဲ့ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံရေး ရန်ပုံငွေဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာ တိုကျို ဥပဒေရေးရာ စုံစမ်းစစ်ဆေးရေး အရာရှိတွေက မစ္စတာ Abe ကို မိမိဆန္ဒအလျောက် ဖြေကြားမှုပုံစံနဲ့ စစ်ဆေးမေးမြန်းခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

အဲဒီ ထောက်ခံအားပေးရေးအဖွဲ့ကို ဦးဆောင်တဲ့ မစ္စတာ Abe ရဲ့ ကိုယ်ရေးအရာရှိတစ်ဦးဟာ နိုင်ငံရေး ရန်ပုံငွေ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖောက်ခဲ့တဲ့သံသယနဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတယ်လို့ ဆိုပါတယ်။
အဲဒီ ကိုယ်ရေးအရာရှိဟာ မစ္စတာ Abe အပေါ် ထောက်ခံအားပေးသူတွေအတွက် တိုကျိုက ဟိုတယ်တွေမှာ နှစ်စဉ်ကျင်းပခဲ့တဲ့ ဧည့်ခံပွဲတွေနဲ့ ပတ်သက်တဲ့ ဝင်ငွေနဲ့ အသုံးစရိတ်တွေကို အစီရင်ခံဖို့ ပျက်ကွက်ခဲ့တယ်လို့ သံသယ ဖြစ်ခြင်းခံနေရပါတယ်။
မစ္စတာ Abe ဝန်ကြီးချုပ်တာဝန်ထမ်းခဲ့တဲ့ ကာလတလျှောက် အစိုးရက ငွေကြေးထောက်ပံ့တဲ့ ချယ်ရီပန်းကြည့်ပွဲတွေ မတိုင်ခင်ညမှာ ဒီဧည့်ခံပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီ ဧည့်ခံပွဲတွေရဲ့ ကုန်ကျစရိတ်ဟာ ၂၀၁၉ ခုနှစ်ကနေ ၅ နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၉၀,၀၀၀ ကျော် ရှိပါတယ်။ အဲဒီ ကုန်ကျစရိတ်ထဲက အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၇,၀၀၀ ကို မစ္စတာ Abe ဘက်က ပေးချေခဲ့တယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ ဒီထောက်ခံအားပေးရေးအုပ်စုက အဲဒီဧည့်ခံပွဲတွေအတွက် ပေးချေမှုတွေကို နိုင်ငံရေး ရန်ပုံငွေ အစီရင်ခံချက်တွေမှာ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိခဲ့ပါဘူး။
အဲဒီ ဧည့်ခံပွဲတွေအတွက် ကုန်ကျစရိတ်အားလုံးကို တက်ရောက်သူတွေက ကျခံခဲ့တာဖြစ်တယ်လို့ မစ္စတာ Abe က လွှတ်တော်မှာ ထပ်ကာတလဲလဲ ပြောခဲ့ပါတယ်။ ရန်ပုံငွေ အစီရင်ခံစာတွေထဲမှာ ထည့်သွင်းဖို့ သူ့ရဲ့ ရုံးနဲ့ ထောက်ခံအားပေးရေးအုပ်စုတွေမှာ ဝင်ငွေရော ကုန်ကျစရိတ်ပါ မရှိခဲ့ဘူးလို့ သူက ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်းရဲ့ ရုံးဝန်ထမ်းတွေဟာ အဲဒီ ဧည့်ခံပွဲတွေနဲ့ ပတ်သက်ပြီး ရန်ပုံငွေ အစီရင်ခံစာတွေမှာ မဖော်ပြခဲ့တာကြောင့် အဖြစ်မှန်နဲ့ ကွဲလွဲတဲ့ အကြောင်းအရာကို ဝန်ကြီးချုပ်ဟောင်းကို ပြောစေဖို့ ကလွဲပြီးမရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြကြောင်း မစ္စတာ Abe နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ သတင်းအရင်းအမြစ်တွေက နိုဝင်ဘာလ ၂၄ ရက်နေ့မှာ NHK ကို ပြောကြားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေး အရာရှိတွေက မစ္စတာ Abe ကို ဒီ အစီရင်ခံစာတွေနဲ့ တခြား အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး သိထားသလားဆိုတာ မေးမြန်းခဲ့တယ်လို့ ယူဆရပါတယ်။
ဝန်ကြီးချုပ်ဟောင်းက ပါဝင်ပတ်သက်မှု အလုံးစုံကို ငြင်းဆိုခဲ့တယ်လို့ ယူဆရပါတယ်။
မစ္စတာ Abe အပေါ်မှာ ပြစ်မှုကြောင်းအရ တရားစွဲဖို့ ခက်ခဲလိမ့်မယ်လို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ယူဆနေပုံရပါတယ်။
အဲဒီ ကိုယ်ရေးအရာရှိအပေါ် အစောဆုံး အခုနှစ်ကုန်မတိုင်ခင်မှာ နိုင်ငံရေး ရန်ပုံငွေ ထိန်းချုပ်ရေးဥပဒေ ချိုးဖောက်မှု စွဲချက်နဲ့ အကျဉ်းချုံးနည်းနဲ့ တရားစွဲဖွဲ့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။