ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ တစ်ဟုန်ထိုး များပြားလာ

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တစ်နေ့တာ ကူးစက်သူအရေအတွက် ၅၀၀ ကျော်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြို့တော် ဘန်ကောက်အနီးက ခရိုင်တစ်ခုမှာ ခရီးသွားလာမှု ကန့်သတ်ချက်တွေနဲ့ တခြား ဆောင်ရွက်ချက်တွေ ချက်ချင်းပြုလုပ်ဖို့ အစိုးရက ကြေညာလိုက်ပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေ အများစုနေထိုင်တဲ့ Samut Sakhon ခရိုင်မှာ ပင်လယ်စာရောင်းဝယ်တဲ့ဈေးက အလုပ်သမားတွေအကြား အစုလိုက် အပြုံလိုက် ကူးစက်ခဲ့ပြီး အတည်ပြု ကူးစက်ခံရသူအသစ် အရေအတွက် ၅၇၆ ဦး ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက တနင်္ဂနွေနေ့က ပြောပါတယ်။
Samut Sakhon ခရိုင် အုပ်ချုပ်ရေးအဖွဲ့ဟာ ဧရိယာတွေ သတ်မှတ်ပြီး ကန့်သတ်မှုတွေ ချမှတ်ဖို့နဲ့ အဲဒီဈေးနဲ့ အလုပ်သမားတွေ နေထိုင်တဲ့နေရာတွေကိုပိတ်ထားဖို့ ညွှန်ကြားလိုက်ပြီလို့ ထိုင်းနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လုပ်ငန်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Taweesin Visanuyothin က ပြောပါတယ်။
အဲဒီခရိုင်တွေအကြား ခရီးသွားလာမှုနဲ့ စတိုးဆိုင်တွေကို ကန့်သတ်မှုတွေ ချမှတ်မှာ ဖြစ်ပြီး Samut Sakhon ခရိုင်မှာ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားပါတယ်။ ဒီအမိန့်က ဇန်နဝါရီလ ၃ ရက်နေ့အထိ အကျုံးဝင်မယ်လို့လည်း သူက ကြေညာခဲ့ပါတယ်။