တိုကျိုက COVID-19 အိမ်ယာမဲ့များ ဟိုတယ်များတွင် အခမဲ့တည်းခွင့်ရမည်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဂယက်ကြောင့် အိမ်ယာမဲ့ ဖြစ်ခဲ့ရသူတွေကို တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က နှစ်သစ်ကူးကာလအတွင်း ဟိုတယ်တွေမှာ အခမဲ့တည်းခိုနိုင်အောင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့အရာရှိတွေဟာ ဒေသတွင်းလူမှုဖူလုံရေးရုံးတွေနဲ့ ပံ့ပိုးကူညီတဲ့အဖွဲ့တွေနဲ့ အတူတွဲပြီး နေအိမ်မဲ့ဖြစ်သွားတဲ့သူတွေကို တနင်္လာနေ့ကစပြီး ဇန်နဝါရီလ ၁၉ ရက်နေ့အထိ အခမဲ့တည်းခိုနိုင်အောင် လုပ်ဆောင်နေပါတယ်။
Shinjuku မြို့နယ်မှာရှိတဲ့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အတိုင်ပင်ခံဌာနဟာ နေစရာမရှိတဲ့သူတွေဆီကနေ တယ်လီဖုန်းတွေကို ဖြေကြားရတာတွေနဲ့ အလုပ်များနေခဲ့ပါတယ်။
ကပ်ရောဂါကြောင့် ဂျပန်အစိုးရက အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့ အခုနှစ်အစောပိုင်းမှာလည်း တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့အရာရှိတွေဟာ အခုလိုမျိုးဆောင်ရွက်ချက်တွေကို လုပ်ခဲ့ပါသေးတယ်။ ဧပြီလကနေ ဇွန်လအတွင်း လူ ၁၂၅၀ လောက် လျှောက်ထားခဲ့ကြတယ်လို့ အဲဒီအရာရှိတွေက ပြောပါတယ်။