ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်နဲ့ အာရပ် နိုင်ငံတွေ သဘောတူ

တိုကျိုမှာကျင်းပတဲ့ ဖိုရမ်အစည်းအဝေးတစ်ခုမှာ ရေရှည်တည်တံ့တဲ့ စီးပွားရေး တိုးတက်မှုရရှိရေးအတွက် ရာသီဥတုပြောင်းလဲမှုနဲ့ တခြားကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်နဲ့ အာရပ်နိုင်ငံတွေက ဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။

ဂျပန်-အာရပ် စီးပွားရေးဖိုရမ်ကို ဂျပန်အစိုးရနဲ့ အာရပ်နိုင်ငံများအသင်းတို့ ပူးတွဲကျင်းပခဲ့ပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Kamikawa Yoko နဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီး Saito Ken တို့ဟာ ဖိုရမ် ဒုတိယနေ့အဖြစ် ကြာသပတေးနေ့က ဝန်ကြီးအဆင့် ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြပါတယ်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနဲ့ လူလုပ်အသိဉာဏ် (AI) လိုမျိုး ဆန်းသစ်တီထွင်မှု နည်းပညာတွေ ပေါ်ထွက်လာနေပြီး လူ့အဖွဲ့အစည်းအပေါ် အကြီးအကျယ် သက်ရောက်မှုရှိနေတယ်လို့ မီးစ် Kamikawa က ပြောကြားခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ တခြား ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။

ဂျပန်နဲ့ အာရပ်နိုင်ငံတွေအနေနဲ့ စိန်ခေါ်မှုတွေကို အတူတကွ ကျော်လွှားဖို့နဲ့ စီးပွားရေး တိုးတက်မှုရရှိ‌ရေး အစီအမံတွေနဲ့ ပတ်သက်ပြီး အဆင့်မြင့် ဆွေးနွေးမှုတွေ ပြုလုပ်ရာမှာ သူတို့ရဲ့ အားသာချက်တွေကို အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ Saito က ပြောပါတယ်။

အာရပ်နိုင်ငံများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး Ahmed Aboul Gheit က ရာသီဥတုပြောင်းလဲမှု၊ AI ၊ ပညာရေးနဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေချဲ့ထွင်ရာမှာ အကူအညီပေးလိမ့်မယ်လို့ ပြောပါတယ်။ အာရပ်နိုင်ငံများအသင်းဟာ ဂျပန်နိုင်ငံရဲ့ အသိပညာတွေကနေ သင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။