သမိုင်းဝင် ဂျပန် ရေပူစမ်းအဆောက်အအုံကို အကြီးစား ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း အပြီး အပြည့်အဝ ပြန်လည်ဖွင့်လှစ်

ဂျပန်နိုင်ငံအနောက်ပိုင်းက Dogo Onsen ရေပူစမ်းရေချိုးခန်းကို ၅ နှစ်ခွဲကြာ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ပြီးနောက် ကြာသပတေးနေ့က အများပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

Dogo Onsen ရဲ့ Honkan တစ်နည်းအားဖြင့် ပင်မအဆောက်အအုံဟာ နိုင်ငံရဲ့အရေးပါတဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရပြီး အဲဟီမဲ ခရိုင် Matsuyama မြို့က လူသိများတဲ့ ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။

ငလျင်ဒဏ်ခံနိုင်ရည်ရှိစေဖို့အပါအဝင် ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေခဲ့တဲ့အတွက် အဲဒီရေချိုးခန်းဟာ ၂၀၁၉ ခုနှစ်ကတည်းက တစ်စိတ်တစ်ပိုင်းပဲ ဖွင့်ခဲ့ပါတယ်။

မိုးတွေရွာနေတဲ့ကြားမှာ စိတ်အားထက်သန်နေတဲ့ ဒေသခံနဲ့ ခရီးသွား ၅၀ လောက်ဟာ မနက် ၆ နာရီ ဖွင့်ချိန် မတိုင်ခင်ကတည်းက တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။ အဲဒီရေချိုးခန်း အဆောက်အအုံရဲ့ ခေါင်မိုးထိပ်က Tokidaiko လို့ခေါ်တဲ့ စည်ကို ၆ ကြိမ် တီးတာကို ကြားပြီးတဲ့ အခါမှာတော့ အထဲကို ဝင်ခဲ့ကြပါတယ်။

COVID-19 ကပ်ရောဂါနဲ့ တခြားစိန်ခေါ်မှုတွေကို ကျော်လွှားပြီး ပြန်ဖွင့်တဲ့နေ့မှာ အခုလိုဧည့်သည်အများအပြားကို ကြိုဆိုရတဲ့အတွက် ဝန်ထမ်းတွေက ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ Matsuyama မြို့ Dogo Onsen ဌာနရဲ့ အကြီးအကဲ Sugimura Yukinori က ပြောခဲ့ပါတယ်။

အဲဒီနေ့ဟာ Dogo Onsen ရဲ့ သမိုင်းမှာ ကဏ္ဍသစ်တစ်ခုရဲ့ အစ ဖြစ်စေချင်တယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။