Yasukuni နတ်ဘုရားကျောင်းမှာ လက်ဆော့ရေးခြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မျှမျှတတ စုံစမ်းစစ်ဆေးပေးဖို့ တရုတ်က ဂျပန်ကို တောင်းဆို

တိုကျိုမြို့ရှိ Yasukuni နတ်ဘုရားကျောင်းမှာ လက်ဆော့ရေးခြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ တရုတ်အမျိုးသားတစ်ဦးကို တရားမျှတမှုရှိရှိ စုံစမ်းစစ်ဆေးဖို့ ဂျပန်နိုင်ငံကို တောင်းဆိုထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

Yasukuni နတ်ဘုရားကျောင်းဟာ ဂျပန့်စစ်အတွင်းသေဆုံးခဲ့သူတွေကို ဂုဏ်ပြုထားပါတယ်။ အမှတ်တရ ဂုဏ်ပြုထားသူတွေထဲမှာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေ အဖြစ် ပြစ်ဒဏ်ချခံခဲ့ရတဲ့ ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။

အဲဒီဘုရားကျောင်း အဝင်ဝမှာရှိတဲ့ ကျောက်စာတိုင်ပေါ်မှာ ဇွန်လ ၁ ရက်နေ့က လက်ဆော့ရေးခြစ်ထားတာကို တွေ့ရှိခဲ့ပါတယ်။ "Toilet" ဆိုတဲ့ အင်္ဂလိပ်စာလုံးကို အနီရောင်ဆေးမှုတ်ပြီး ရေးထားတာ ဖြစ်ပါတယ်။

မှုတ်ဆေးဗူးဝယ်ခဲ့ကြောင်း တွေ့ရှိခဲ့တဲ့ အဲဒီတရုတ်အမျိုးသားကို ပိုင်ဆိုင်မှု ဖျက်ဆီးပြီး ဝတ်ပြုဆုတောင်းရာနေရာကို မလေးမစားပြုတယ်ဆိုတဲ့ သံသယနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ကျူးလွန်သူဖြစ်နိုင်တယ်လို့ ယူဆရတဲ့ နောက်ထပ် တရုတ်အမျိုးသားနှစ်ဦးကို အလိုရှိသူစာရင်းမှာ ရဲတပ်ဖွဲ့က ထည့်သွင်းထားပါတယ်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian ကို ဂျပန်ရဲ့ အလိုရှိသူစာရင်းမှာ အထည့်ထားခံရတဲ့ လူ ၂ ဦးနဲ့ ပတ်သက်ပြီး ဂျပန်ရဲ့ စုံစမ်းစစ်ဆေးမှုကို တရုတ်ဘက်က ပူးပေါင်းဆောင်ရွက်မှာလားလို့ မေးမြန်းခဲ့ရာ သူက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ တိုကျိုမြို့မှာရှိတဲ့ တရုတ်သံရုံး တာဝန်ရှိသူတွေဟာ ဖမ်းဆီးခံထားရသူနဲ့ တွေ့ဆုံခဲ့ပြီး တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ဂျပန်ကို တရုတ်အစိုးရက တောင်းဆိုခဲ့ကြောင်း မစ္စတာ Lin က ပြောကြားခဲ့ပါတယ်။