အိန္ဒိယဝန်ကြီးချုပ်က 'ခင်မင်ရင်းနှီးတဲ့သူငယ်ချင်း' ရုရှားသမ္မတနဲ့တွေ့ဆုံ

ယူကရိန်းစစ်ပွဲအပေါ် အာရုံစိုက်တဲ့ နေတိုးခေါင်းဆောင်တွေ ဝါရှင်တန်မှာ တွေ့ဆုံနေကြတဲ့အတောအတွင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ရောက်ရှိနေပါတယ်။ နေတိုးခေါင်းဆောင်တွေက ရုရှားသမ္မတ Vladimir Putin ကို သီးခြားခွဲထုတ်ဖို့ ကြိုးပမ်းနေစဉ်မှာ မစ္စတာ Modi က မစ္စတာ Putin ကို သူ့ရဲ့ "ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း" အဖြစ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

စီးပွားရေး၊ နည်းပညာနဲ့ လုံခြုံရေးနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်‌ရေး နည်းလမ်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ မစ္စတာ Putin က မစ္စတာ Modi နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ သူတို့နိုင်ငံတွေအကြား ကုန်သွယ်မှုဟာ အရင်နှစ်ကထက် ၆၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး သူက အဲဒီမိတ်ဖက်ဆက်ဆံမှုကို "အထူးအခွင့်အရေး" လို့ ခေါ်ဆိုခဲ့ပါတယ်။ ယူကရိန်းပဋိပက္ခတစ်လျှောက်သူ့နိုင်ငံနဲ့ဆက်ဆံရေးကို ထိန်းသိမ်းပေးခဲ့တဲ့အတွက်လည်း မစ္စတာ Modi ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

မစ္စတာ Modi က မစ္စတာ Putin ကို ငြိမ်းချမ်းရေးလမ်းကြောင်းကို အမြန်ဆုံးရှာဖွေဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်နည်းနဲ့မဆို ကူညီဖို့အသင့်ရှိတယ်လို့ သူက ပြောပါတယ်။ စစ်မျက်နှာပြင်မှာ ဖြေရှင်းမှုတွေ မရရှိနိုင်ဘူး၊ ဗုံးတွေ၊ သေနတ်တွေ၊ ကျည်ဆန်တွေကြားက ဖြေရှင်းမှုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ မအောင်မြင်နိုင်ဘူးလို့ မစ္စတာ Modi က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာ Putin နဲ့ ခင်မင်ရင်းနှီးမှုတွေပြသနေတာကြောင့် သူဟာ ဝေဖန်ခံခဲ့ရပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ခေါင်းဆောင်က ကမ္ဘာပေါ်က သွေးအစွန်းဆုံး ရာဇ၀တ်ကောင်ကို ပွေ့ဖက်နှုတ်ဆက်နေတာတွေ့ရလို့ စိတ်ပျက်မိတယ်လို့ လူမှုကွန်ယက်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။