ခွဲတမ်းတိုးမြှင့်ဖို့ အာရုံစိုက်ပြီး ပစိဖိတ် ဆူးတောင်ပြာ တူနာငါးဆိုင်ရာ ညီလာခံကို ဂျပန်နိုင်ငံမှာ ဖွင့်လှစ်

ပစိဖိတ် ဆူးတောင်ပြာ တူနာငါး စီမံခန့်ခွဲခြင်းဆိုင်ရာ နိုင်ငံတကာ ညီလာခံတစ်ခုကို ဂျပန်နိုင်ငံ မြောက်ဘက်စွန်းခရိုင် ဟော့ကိုင်းဒိုးက Kushiro မြို့မှာ စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။

အဲဒီညီလာခံကို ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့ပြီး လာမယ့် အင်္ဂါနေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီညီလာခံကို ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်စတဲ့ နိုင်ငံနဲ့ဒေသ ၁၃ ခုက ကိုယ်စားလှယ်တွေ တက်ရောက်နေနေပါတယ်။

အဓိကအားဖြင့် ငါးအလွန်အကျွံဖမ်းခြင်းကြောင့် ပစိဖိတ် ဆူးတောင်ပြာ တူနာငါးအရေအတွက်တွေ သိသိသာသာ ကျဆင်းခဲ့ပေမဲ့ နိုင်ငံတကာ စီမံခန့်ခွဲရေးဆိုင်ရာ ကြိုးပမ်းမှုတွေကြောင့် အခုအခါ ပြန်လည်တိုးမြင့်လာပါတယ်။

ညီလာခံမှာ ဂျပန်နိုင်ငံပတ်ဝန်းကျင်က ရေပြင်တွေ အပါအဝင် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ဆူးတောင်ပြာ တူနာငါး ဖမ်းဆီးတဲ့ ခွဲတမ်းကို တိုးပေးဖို့ ဂျပန်နိုင်ငံက တောင်းဆိုနေပါတယ်။

ဂျပန်နိုင်ငံဟာ ဆူးတောင်ပြာ တူနာငါး ဖမ်းဆီးတဲ့ ခွဲတမ်းကို အလေးချိန် ၃၀ ကီလိုဂရမ်နဲ့ အထက်ရှိတဲ့ ငါးတွေ အတွက် ၁၃၀ ရာခိုင်နှုန်း တိုးပေးဖို့နဲ့ အလေးချိန် ၃၀ ကီလိုဂရမ်အောက်ရှိတဲ့ ငါးတွေအတွက် ၃၀ ရာခိုင်နှုန်း တိုးပေးဖို့ အဆိုပြုထားပါတယ်။

ဒါပေမဲ့ တချို့ ကိုယ်စားလှယ်တွေက အဲဒီလို များပြားတဲ့ ခွဲတမ်းတိုးမြင့်မှုအပေါ် စိုးရိမ်ကြောင်း ပြောနေကြတဲ့အတွက် ညီလာခံတက်ရောက်သူတွေအနေနဲ့ သဘောတူညီချက်တစ်ခု ရနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။