အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းစော်ကားမှု‌ဆိုင်ရာ ဆုံးဖြတ်ချက် အိုကီနာဝါခရိုင်ကောင်စီအစည်းအဝေး အတည်ပြု

ဂျပန်နိုင်ငံ အိုကီနာဝါခရိုင် အစည်းအဝေးက ခရိုင်တွင်း တပ်စွဲထားတဲ့ အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အများအပြားကို တုံ့ပြန်တဲ့အနေနဲ့ ဆုံးဖြတ်ချက်တစ်ရပ်နဲ့ ကြေညာချက်တစ်ရပ်ကို တစ်ညီတစ်ညွတ်တည်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ အဲဒီလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်က ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Rahm Emanuel အပါအဝင် အမေရိကန် ပြည်ထောင်စုကို ဦးတည်တဲ့ ကန့်ကွက်မှုတစ်ရပ် ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ လူ့ဂုဏ်သိက္ခာကို အကြီးအကျယ် ညှိုးနွမ်းစေပြီး နှစ်နိုင်ငံလုံးရဲ့ ဥပဒေနဲ့ တရားမျှတမှုအောက်က သည်းမခံနိုင်တဲ့ အလွန်ရက်စက်တဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ အဲဒီ ဆုံးဖြတ်ချက်က ဆိုထားပါတယ်။

ထပ်တလဲလဲဖြစ်ပွားမှုကို တားဆီးဖို့ စည်းကမ်းတင်းကျပ်တာလိုမျိုး အားကောင်းထိရောက်တဲ့ အစီအမံတွေကို အမေရိကန်ဘက်ကနေ အိုကီနာဝါမှာနေထိုင်သူတွေဆီ တင်ပြဖို့ တောင်းဆိုထားပါတယ်။

ကြေညာချက်က ဝန်ကြီးချုပ် Kishida Fumio အပါအဝင် ဂျပန်အစိုးရကို ရည်ညွန်းတာ ဖြစ်ပါတယ်။ ဒီဆိုးရွားတဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေနဲ့နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အိုကီနာဝါခရိုင်အုပ်ချုပ်‌ရေးအဖွဲ့နဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေဆီ သတင်းအချက်အလက်တွေ ပေးပို့ဖို့ ပျက်ကွက်တာကို ထောက်ပြထားပါတယ်။

ထိခိုက်နစ်နာခဲ့ရသူတွေကို တောင်းပန်ဖို့နဲ့ နစ်နာကြေးတွေအပြင် စိတ်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးဖို့ ဆုံးဖြတ်ချက်နဲ့ကြေညာချက် နှစ်ခုစလုံးမှာ တောင်းဆိုထားပါတယ်။